ကျုံပျော်မြို့ ဒါးကချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၅)သိန်း မျိုးစိုက်ထည့်

ကျုံပျော်    ဩဂုတ်   ၂၉

ငါးလုပ်ငန်းဦးစီးဌာနက ငါးထုတ်လုပ်မှုနှင့် ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ သားစဉ်မြေးဆက် ငါးရိက္ခာဖူလုံစွာ စားသုံးနိုင်စေရန်နှင့် ရေလုပ်သားများ၏ လူမှုဘဝပိုမို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် ၊ ဒါးကချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၅)သိန်း မျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဒါးကချောင်း၊ ခဲဘောင်ကူး တို့ဆိပ်‌ရေပြင်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ခရိုင်ငါးလုပ်ငန်းကြီးကြပ်ရေးဥက္ကဋ္ဌ ဦးမောင်‌မောင်၊ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင်၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊  ပုသိမ်စခန်း တာဝန်ခံနှင့် တာဝန်ရှိသူများ၊ ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွက်ကဲရေးကော်မတီနှင့် မြို့နယ်ငါး လုပ်ငန်းဦးစီးဌာနဝန်ထမ်းများ၊ အင်းသားကြီးများနှင့်ရေလုပ်သားများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တာဝန်ရှိသူများက အင်းသားကြီးများနှင့် ရေလုပ်သားများလက်ဝယ်သို့ ငါးသားပေါက်မျိုး များဖြန့်ဖြူးပေးအပ်ခဲ့ပြီး ၊ (၂)လက်မ အရွယ် ငါးမြစ်ချင်းသား ပေါက်ကောင်ရေ (၃)သိန်းနှင့် ငါးခုံးမ ကြီး သားပေါက်ကောင်ရေ (၂)သိန်း၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၅)သိန်းကို ဒါးကချောင်း အတွင်းသို့စုပေါင်းကာ ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။

ကျုံပျော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ဦးဆောင်ကာ  သဘာဝရေပြင်/အင်းချောင်းများအတွင်းသို့ ငါးမျိုး စိုက်ထည့်ခြင်းများကို နှစ်စဉ်ဆောင် ရွက်လျက်ရှိပြီး၊ ငါးမျိုးမပြုန်းတီးရေးနှင့် ငါးသယံဇာတ တိုးပွားရေးတို့အတွက် အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။