မြို့သစ်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး(SINOPHARM) ဒုတိယအကြိမ်ထိုးနှံပေး

 

မြို့သစ် သြဂုတ် ၂၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက်ပြည်သူများအားကိုဗစ်-၁၉ ကာကွယ်ဆေး(SINOPHARM) ဒုတိယအကြိမ်ထိုးနှံခြင်းကို ယနေ့ နံနက် (၉)နာရီကစတင်၍ သတ်မှတ်စုရပ်နေရာများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် အထက(၁)ရတနာခန်းမတို့၌ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ကာကွယ်ရေးလမ်းညွှန်ချက် များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံရာတွင် အသက်(၆၅)နှစ်နှင့်အထက်ပြည်သူများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဘုန်းတော်ကြီးနှင့်သီလရှင်များ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်သူများ၊ Super Marketeနှင့်စျေးရောင်းချသူများ၊ စားသောက်ဆိုင်/လက်ဖက်ရည်ဆိုင်ရောင်းချသူ(ဆိုင်ဝန်ထမ်းများပါမကျန်)အား  ဦးတည်အုပ်စုများ နှင့်ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံ ပေးခြင်းဖြစ်ပြီး မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး (SINOPHARM) အလုံးရေ (၃၀၅၀)ရရှိရာ ကာကွယ်ဆေးတစ်လုံးလျှင် လူနှစ်ဦးနှုန်းဖြင့်  စုစုပေါင်း လူဦးရေ (၆၁၀၀)ဦးအား သတ်မှတ်စုရပ်နေရာများဖြစ်သည့် မြို့နယ်ထွေအုပ် အစည်းအဝေးခန်းမ၊ အထက(၁) ရတနာခန်းမ၊ ဒန့်ဒလွန်ပင်တိုက်နယ်ဆေးရုံ၊ နင်းကြမ်းတိုက်နယ်ဆေးရုံ၊ ဝါးကြီးအိုင်တိုက်နယ်ဆေးရုံတို့တွင် ကာကွယ်ဆေး ထိုးနှံရမည့် ရက်များအလိုက် ထိုးနှံပေးသွားမည်ဖြစ် ကြောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

ဝင်းအိဇွန်