မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်ရောဂါ ဝေဒနာရှင်များအတွက် အောက်ဆီဂျင်(၃၅၀)လုံးလှူဒါန်း

မြိတ်   ဩဂုတ်   ၂၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသည့် ကိုဗစ်ရောဂါ ဝေဒနာရှင်များ အသုံးပြုရန်အတွက် United KMK/Myeik ကုမ္ပဏီက မြဝတီမြို့များမှ အောက်ဆီဂျင်(၄၀)လီတာအိုး (၃၅၀)လုံးသယ်ယူလာသည့် မော်တော်ယာဉ် မြိတ်မြို့သို့ရောက်ရှိ၍ ဩဂုတ်လ(၂၈)ရက် နံနက်ပိုင်းတွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။        

“မြိတ်မြို့အနေနဲ့ အောက်ဆီဂျင်အသုံးပြုမှု များပြားနေတဲ့အတွက် ဆေးကုသမှုခံယူနေသော ကိုဗစ်ရောဂါ ဝေနာရှင်များ လိုအပ်သလိုအသုံးပြုဖို့နဲ့ လူနာတွေအမြန်ဆုံးသက်သာ ပျောက်ကင်းစေဖို့ အောက်ဆီဂျင် လှူဒါန်းတာဖြစ်ပါတယ်။ အောက်ဆီဂျင်လိုအပ်သူတွေအတွက် တစ်ဘက်တစ်လှမ်းမှ ကူညီပံ့ပိုးပေးနိုင်အောင် ရည်ရွယ်ချက်နဲ့ ကုမ္ပဏီအနေနဲ့သွင်းလာတဲ့ အောက်ဆီဂျင်များအား လှူဒါန်းတာ ဖြစ်ပါတယ်” ဟု United KMK/ Myeik မှ ဒါရိုက်တာ ဦးထွန်းလင်းက ပြောသည်။     

United KMK/ Myeik  ကုမ္မဏီမှ အောက်ဆီဂျင်  လှူဒါန်းခြင်းသည် တတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်တွင် မြိတ်မြို့ပြည်သူလူထုအတွက် အောက်ဆီဂျင် (၃၀၅)လုံး၊ ထားဝယ်မြို့ ပြည်သူလူထုအတွက် အောက်ဆီဂျင် (၄၀၄)လုံးလှူဒါန်းပေးခဲ့ပြီး ယခုတတိယအကြိမ်တွင် မြိတ်ပြည်သူ့ဆေးရုံ ကိုဗစ်လူနာများအသုံးပြုရန်အတွက် အောက်ဆီဂျင်(၃၅၀)လုံးကို လှူဒါန်းခြင်း ဖြစ်ကြောင်း၊ ဆက်လက်ပြီး အောက်ဆီဂျင်အိုးအလွတ်များကို ရန်ကုန်သို့ သယ်ယူ၍ အောက်ဆီဂျင် သွားရောက်ဖြည့်တင်းပြီး ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ပြည်သူ့ဆေးရုံမှာ  အောက်ဆီဂျင်ကို ပြတ်လပ်မှုမရှိအောင် မြိတ်ဒေသကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး အထောက်အကူပြုကော်မတီမှ စေတနာရှင်များနဲ့ ချိတ်ဆက်ပြီး လှူဒါန်းပေးနေပါတယ်။ ယခုချိန်အထိ ဆေးရုံရဲ့ အောက်ဆီဂျင်လိုအပ်မှုကို အလျင်မီအောင် ဆောင်ရွက်ထားနိုင်ပါတယ်။ ယခုလို အောက်ဆီဂျင်အလုံး (၃၅၀) လှူဒါန်းပေးတဲ့အတွက် ပိုပြီးလုံလောက်မှု ရှိသွားပါတယ်။ ပြည်သူလူထုအနေနဲ့ ကိုဗစ်ရောဂါဖြစ်ပြီး ကုသတာထက် ကိုဗစ်ကူးစက်မှု မခံရအောင် ကျန်းမာရေးအသိဖြင့် မဖြစ်ခင်ကြိုတင်ကာကွယ်ကြဖို့ အလေးထားတိုက်တွန်း ပြောကြားလိုပါတယ်” ဟု ပြည်သူ့ဆေးရုံ ဒုတိယဆေးရုံအုပ်ကြီးက ပြောသည်။

မြိတ်မြို့ ပြည်သူ့ဆေးရုံ ကိုဗစ်ကုသဆောင်များ၌ လက်ရှိအချိန်တွင် ကိုဗစ်ပိုးတွေ့၍ ဆေးကုသမှုခံယူ နေသည့် လူနာစုစုပေါင်း(၁၈၃)ယောက်ရှိကြောင်း၊ အောက်ဆီဂျင် အသုံးပြုနေသည့် လူနာ(၁၀၈)ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူနေသူ(၈)ဦးရှိကြောင်း၊ မြိတ်မြို့တွင် ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားပြီး ကိုဗစ်ပိုးတွေ့ရှိ၍ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသူ(၁၄၆၀)ဦးရှိခဲ့ပြီး ရောဂါသက်သာ၍ ဆေးရုံဆင်းသူ (၁၁၂၄)ဦးရှိ၍ သေဆုံးသူ(၁၅၃)ဦးရှိခဲ့ကြောင်း ပြည်သူ့ဆေးရုံမှ သိရသည်။

ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသည့် ကိုဗစ်ရောဂါ ဝေဒနာရှင်များ အသုံးပြုရန်အတွက် United KMK/ Myeik ကုမ္ပဏီမှ ဒါရိုက်တာ ဦးထွန်းလင်းက အောက်ဆီဂျင်(၃၅၀)လုံးကို  လှူဒါန်းပေးအပ်ရာ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး အောင်ကိုလတ်၊ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဌ ဦးဉာဏ်ဇော်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ မြိတ်မြို့ပြည်သူ့ ဆေးရုံတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည် အောက်ဆီဂျင်စက်သည် ရောက်ရှိ တပ်ဆင်လျက်ရှိပြီး စေတနာရှင်များလှူဒါန်းသည့် အောက်ဆီဂျင်စက်သည် မကြာမီ ရောက်ရှိ လာမည်ဖြစ်၍ အဆိုပါအောက်ဆီဂျင်စက်ရုံများမှ အောက်ဆီဂျင်များ စတင်လည်ပတ် အသုံးပြု နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)