ပွင့်ဖြူမြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ထိုးနှံပေးခြင်းလုပ်ငန်း အောင်မြင်စွာ ထိုးနှံနိုင်ရေး ညှိနှိုင်းဆွေးနွေး

ပွင့်ဖြူ ဩဂုတ် ၂၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံပေးခြင်းကို ဩဂုတ် ၂၉ ရက်နေ့တွင် စတင်ထိုးနှံပေးသွားမည်ဖြစ်ရာ ကာကွယ်ဆေးလာရောက်ထိုးနှံကြသူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါအန္တရာယ်ကင်းဝေးစေရေးအတွက် ဒုတိယအကြိမ် ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်(၄)နေရာဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၊ လယ်ကိုင်း ကျေးရွာ(အ.ထ.က)ကျောင်း၊ ကုန်းဇောင်းကျေးရွာ (အ.ထ.က)ကျောင်းနှင့် မဲဇလီကျေးရွာ(အ.ထ.က)ကျောင်းတို့တွင် ထိုးနှံပေးရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊  တက်ရောက်လာသည့် ရပ်ကျေးစာရေးဝန်ထမ်းများအနေဖြင့် ကာကွယ်ဆေးထိုးနှံရန် လာရောက်သည့် ပြည်သူများ အခက်အခဲမရှိ အဆင်ပြေစွာထိုးနှံနိုင်ရေး လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် စာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရန်လာရောက်သော ပြည်သူများ စိတ်အေးချမ်းစွာ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆောင်ရွက်ရန်လုပ်ငန်းများနှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက ပြန်လည်ရှင်းလင်း ဖြေကြားပေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)