ကန့်ဘလူမြို့၌ အောက်ဆီဂျင် (၄၀-လီတာ) အိုး အလုံး (၃၀) မန္တလေးမြို့ ထိုက်တန်သူလူမှုကူညီရေးအသင်းမှ လာရောက်လှူဒါန်း

ကန့်ဘလူ ဩဂုတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် အောက်ဆီဂျင်စက်/အိုး ဖြစ်မြောက်ရေးကော်မတီ (ပရဟိတအဖွဲ့)သို့ မန္တလေးမြို့ ထိုက်တန်သူလူမှုကူညီရေးအသင်းမှ အောက်ဆီဂျင် (၄၀-လီတာ) အိုး အလုံး (၃၀)ကို ယနေ့နံနက် ၁၀ နာရီခွဲက လာရောက်လှူဒါန်းရာ ကန့်ဘလူမြို့ပိတောက်သိင်္ဂီခန်းမ()တွင် လက်ခံရယူခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ထိုက်တန်သူ ပရဟိတလူငယ်အသင်းအနေနဲ့ အခုလို ကိုဗစ်-၁၉ ကာလမှာ အောက်ဆီဂျင် အတွက် အခက်အခဲဖြစ်နေသူတွေ၊ အောက်ဆီဂျင်လိုအပ်နေသူတွေကို အခမဲ့လှူဒါန်းပေးလျက်ရှိပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါဖြစ်နေပြီး စားရေးအတွက် အခက်အခဲဖြစ်နေသူများကိုလည်း ဆန်၊ ဆီ၊ ဆား စတဲ့ လိုအပ်မှုများကို ကူညီထောက်ပံ့ ပေးနေပါတယ်။ အောက်ဆီဂျင်လိုအပ်လို့ အကူအညီတောင်းမယ်ဆိုရင် ကိုအာမင်း(၀၉-၉၆၄၃၂၂၇၈၆)၊ ကိုဇယွန်း(၀၉-၂၀၂၉၃၀၄) ဆက်သွယ်နိုင်ပြီး လာယူ/လာပို့ပေးမှာ ဖြစ်ပါတယ်။ အခုလှူဒါန်းတာကတော့ အောက်ဆီဂျင် အရည်ကိုလှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်ဟု ကိုဇယွန်းကပြောသည်။

ကန့်ဘလူမြို့နယ် အောက်ဆီဂျင် စက်/အိုးဖြစ်မြောက်ရေးကော်မတီသည် ပရဟိတအသင်းအဖွဲ့ဖြစ်ပြီး ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသခြင်းလုပ်ငန်းတွင် အောက်ဆီဂျင်ပြတ်လပ်မှု အခက်အခဲမရှိစေရေး အတွက် ရဟန်းရှင်လူပြည်သူများ လှူဒါန်းမှု၊ ရပ်နီးရပ်ဝေးမှ စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် အောက်ဆီဂျင်လိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်ရေး ကူညီဆောင်ရွက်ပေးနေသော အဖွဲ့ဖြစ်သည်။

အဆိုပါအဖွဲ့သည် ဩဂုတ် ၃ ရက်နေ့မှစတင်၍  အောက်ဆီဂျင်လိုအပ်နေသူများအတွက် အခမဲ့ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ပြီး  ကောလင်း၊ ကိုးထောင်ဘို့၊ ချပ်သင်း၊ ကျွန်းလှ၊ ထန်းကုန်း၊ ဇီးကုန်း၊ ပိုးဇာကုန်း၊ ရွာသစ်ကုန်း၊ ကျောက်အိုင်ကျေးရွာများမှ အောက်ဆီဂျင်လိုအပ်သူများကို ကူညီပေးနိုင်ခဲ့သည်။ ယင်းအဖွဲ့တွင် အောက်ဆီဂျင် (၄၀-လီတာ) အိုး အလုံး ၈၀၊ (၁၀-လီတာ) အိုး အလုံး ၂၀၊ အောက်ဆီဂျင်စက် (၁၀-လီတာ) သုံးလုံးတို့ဖြင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်ပြီး အောက်ဆီဂျင်ဖြည့်တင်းခြင်းကို မန္တလေးမြို့သို့ သွားရောက်ဖြည့်ဆည်းရခြင်း ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါခံစားနေရသူများ၊ အောက်ဆီဂျင် လိုအပ်နေသူများအတွက် အောက်ဆီဂျင်လုံ လောက်စွာရရှိနိုင်ရေး ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း ကန့်ဘလူမြို့ အောက်ဆီဂျင် စက်/အိုးဖြစ် မြောက်ရေးကော်မတီဝင် ဦးဌေးထံမှ သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)