ကော့သောင်း၊ သြဂုတ် ၂၈ ရက်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ထေရ်ကြီးဝါကြီး ဆရာတော်သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ကို ယနေ့နံနက်(၉)နာရီက ကော့သောင်းမြို့၊ မဉ္ဇူသက ပြည်သူ့ခန်းမ၌ ဒုတိယအကြိမ်အဖြစ် စတင်ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက ပထမကြိမ်ထိုးနှံပြီး သူများအား ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်း ဖြစ်သည်။
ကော့သောင်းမြို့နယ်အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်းက ပထမအကြိမ်အဖြစ် သံဃာတော်နှင့်သီလရှင်များ၊ သက်ကြီးရွယ်အိုများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်နှင့်အထက် မြို့နေပြည်သူများ အပါအဝင် လူဦးရေစုစုပေါင်း (၅၄၂၅) ဦးအား ပထမအကြိမ်ရရှိသည့် အိန္ဒိယနိုင်ငံထုတ် COVISHIELD ကာကွယ်ဆေး(၂)ကြိမ်စီ အကြိမ်ပြည့် ထိုးနှံပေးခဲ့ပြီးဖြစ်သည်။
ဒုတိယအကြိမ် ရရှိသည့် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဖြင့် လူဦးရေ(၄၃၀၀)အား ပထမအကြိမ်အဖြစ် ယခုနှစ်၊ ဇူလိုင်လအတွင်းက ထိုးနှံပေးခဲ့အပြီး အဆိုပါ ပထမကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံရန် သတ်မှတ်ရက် ပြည့်သည့် ယနေ့ နံနက်ပိုင်းမှစတင်ကာ ဒုတိယအကြိမ်အဖြစ်ထိုးနှံပေးခြင်း ဖြစ်သည်။
ကာကွယ်ဆေးထိုးနှံရာတွင် မြို့နေ့ပြည်သူအလွှာများဖြစ်သည့် ရဟန်းသံဃာ သာသနာ့ ဝန်ထမ်းများ၊ အခြားဘာသာရေးခေါင်းဆောင်များ၊ အသက် (၆၅)နှစ်အထက် သက်ကြီး ရွယ်အိုများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများတွင် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်ပေးလျှက်ရှိသည့် ဘော်လံတီယာ လူမှုကူညီရေးအဖွဲ့များ၊ ပုဂ္ဂလိကကုမ္ပဏီ ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံများမှ လုပ်သားများ၊ ပင်လယ်ငါးဖမ်းရေလုပ်သားများအား သတ်မှတ်ရက်များအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)