ဂန့်ဂေါခရိုင်၊ ဆောမြို့တွင် စီမံခန့်ခွဲမှု အထောက်အကူပြု ကျန်းမာရေးသတင်းစနစ် လက်စွဲစာအုပ် ပုံစံသစ် အသုံးပြုခြင်း ဆရာဖြစ် သင်တန်း

ဆော သြဂုတ် ၁၃

ဂန့်ဂေါခရိုင်၊ ဆောမြို့တွင် ကျန်းမာရေးစီမံကိန်းလုပ်ငန်းများထိရောက်အောင်မြင်စေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Save the Children တို့ ပူးပေါင်းလျက် စီမံခန့်ခွဲမှုအထောက်အကူပြု ကျန်းမာရေးသတင်းစနစ် လက်စွဲစာအုပ် ပုံစံသစ် အသုံးပြုခြင်း တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဆရာဖြစ်သင်တန်းကို ယနေ့ နံနက် ပိုင်းတွင် ဆောမြို့ သမဝါယမအသင်းစုလီမိတက် ခန်းမတွင် ကျင်းပကြောင်း သိရသည်။

အဆိုပါ သင်တန်းနှင့်ပတ်သက်၍ ဆောမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာ ရေးဦးစီးဌာနမှူး၊ ဒေါက်တာမြတ်လေးပန်က ကျေးလက်ကျန်းမာရေးဌာနခွဲများက စုဆောင်းရရှိတဲ့ သတင်းအချက်အလက်များကို မြို့နယ်မှာချုပ်ကြောင်း၊ မြို့နယ်မှ တိုင်းဒေသကြီးအဆင့် အထိတင်ပြပြီး ထိုမှတဆင့် ဗဟိုအဆင့်အထိရောက်ရှိမည်ဖြစ်ကြောင်း၊ အဆိုပါ သတင်းအချက်အလက်များကို အခြေခံကာ ဗဟိုစီမံကိန်းရေးဆွဲရတာဖြစ်ကြောင်း၊ သတင်းအချက် အလက်များမှန်ကန်မှ စီမံကိန်းလုပ်ငန်းများ ထိရောက်အောင်မြင်မှာဖြစ်ကြောင်း၊ ထို့ကြောင့် ယခုသင်တန်း သည် ကျန်းမာရေးဝန်ထမ်းတိုင်းအတွက် အရေးကြီးကြောင်း၊ မှန်မှန်ကန်ကန်လည်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးဦးဆောင်သည့် ဆရာ၊ဆရာမ (၄)ဦးက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ (၁၃)ရက်နေ့မှ (၂၃)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

ခိုင်ဇာ(ယောမြေ)