မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းရန် တွေ့ဆုံပွဲ ကျင်းပ

အိမ်မဲ  သြဂုတ်  ၁၃

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းရန် တွေ့ဆုံပွဲပြုလုပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တက်ရောက်လာသော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ တစ်ဦးချင်းစီ မိတ်ဆက်စကားများပြောခဲ့သည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်ဝင်းက စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းရန် ကိစ္စနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာသည့်နိုင်ငံရေးပါတီများမှ အကြံပြုဆွေးနွေးခဲ့ပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီ(၇)ခုမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)