သရက် ဩဂုတ် ၂၇
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် နှာခေါင်းစည်း (Mask) များအား ဩဂုတ် ၂၅ ရက်မှ ၃၁ ရက်နေ့အထိ ဖြန့်ဝေပေးသွားမည်ဖြစ်ရာ ယမန်နေ့နံနက် ၉ နာရီက ရေဖြူကျေးရွာအုပ်စုနှင့် စမ်းအိုင့်ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုဝင်များ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သရက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့ပါးလာစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နှာခေါင်းစည်း Mask(၂၇၃၀)ဗူးအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှတဆင့် ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများလက်ဝယ် အရောက် ဖြန့်ဝေပေးနိုင်ရန် ပေးပို့ခဲ့ခြင်းဖြစ်သည်။
သရက်မြို့နယ်တွင် ကျေးရွာ(၅၃)အုပ်စု၌ ကျေးရွာ(၁၅၃)ရွာရှိပြီး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု များရှိနေဆဲဖြစ်သည့်အတွက် ရောဂါပိုးကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့မှ ဗိုလ်မှူးမင်းမင်းခိုင်၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများက Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် နှာခေါင်းစည်း Mask များကို အိမ်ထောင်စုဝင်များ လက်ဝယ်အရောက်ဖြန့်ဝေပေးလျက်ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)