သရက် ဩဂုတ် ၂၆
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ဩဂုတ် ၂၅ ရက်မှ ၃၁ ရက်နေ့အထိ နှာခေါင်းစည်း Mask များအား ဖြန့်ဝေပေးသွားမည်ဖြစ်ရာ ယနေ့နံနက် ၉ နာရီက အင်းမငယ်၊ ပေါက်ပင်၊ ကျောက်အိုး၊ ရေဖြူ၊ စမ်းအိုင့်နှင့် ထုံးတောင်ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သရက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ သိသိသာသာလျော့နည်းလာမှု မရှိသည့် အတွက် ပိုးတွေ့မှုနှုန်းလျော့ချကာကွယ်နိုင်ရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှနှာခေါင်းစည်း Mask(၂၇၃၀)ဗူးအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှတဆင့် ကျေးရွာအုပ်စုများရှိအိမ်ထောင်စုများလက်ဝယ်အရောက် ဖြန့်ဝေပေးသွားရန်ပေးပို့လာခြင်းဖြစ်သည်။
သရက်မြို့နယ်တွင် ကျေးရွာ(၅၃)အုပ်စု၌ ကျေးရွာ(၁၅၃)ရွာရှိပြီး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုနှုန်း လျော့နည်းလာသော်လည်း ကူးစက်မှုများရှိနေဆဲဖြစ်သည့်အတွက် ရောဂါကူးစက်မှုကိုထိန်းချုပ်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဗိုလ်မှူးမင်းမင်းခိုင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်မှူး ယာယီရဲမှူး ဌေးဝင်း၊ မီးသတ်ဦးစီးမှူး နိုင်ဇော်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် နှာခေါင်းစည်း Mask များအား အိမ်ထောင်စုဝင်များ လက်ဝယ်အရောက် ပေးအပ်ခဲ့ ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)