လှိုင်းဘွဲ ဩဂုတ် ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများအနေဖြင့် အောက်ဆီဂျင်နှင့် ပတ်သက်၍ အခက်အခဲမရှိစေရန်အတွက် မြို့နယ်သံဃနာယကဆရာတော်များမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊အလှူရှင်များနှင့် ဘာသာရေးခေါင်းဆောင်အသီးသီးမှ အောက်ဆီဂျင်စက်ရုံ တည်ဆောက် နိုင်ရေးအတွက် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဆောက်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နာမောတဿသုံးကြိမ် ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယက အဖွဲ့ဉက္ကဌ ဆရာတော် ဘဒ္ဒန္တစကိ္ကန္ဒက အောင်တော်မှုဂါထာဖြင့် ပူဇော်ခြင်း၊ မဲဆမိတ်ကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒရမှ ဆုတောင်းမေတ္တာပို့သခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဆရာတော်များစုပေါင်း၍ ဇယန္တော ဗောဓိယာ မူလေ မှ သဟသဗ္ဗေဟိ ဉာတိဘီ အထိ အောင်တော်မှုဂါထာဖြင့် ရွတ်ဆိုပူးဇော်ခဲ့ပြီး ဆရာတော်/ သံဃာတော်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) စစ်ဗျူဟာ မှူး ဗိုလ်မှူးကြီး စံထူးကျော်နှင့်တာဝန်ရှိသူများ၊ ဘာသာရေးခေါင်းဆောင်များမှ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန် အတွက် ပန္နက်တင်မင်္ဂလာဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်သံဃနာယက အဖွဲ့ဉက္ကဌနှင့်ဆရာတော်/သံဃာတော်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအသင်း၊ ဘာသာရေး ခေါင်းဆောင်များ၊ အလှူရှင်များနှင့်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)