လေးမျက်နှာ သြဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့တွင် မြစ်ရေဝင်ရောက်နိုင်မည့် ကျေးရွာများရှိ ကျွဲ၊ နွားများအား ကူးစက်ရောဂါ ကာကွယ်ဆေး နေရာအရောက် လိုက်လံထိုးနှံပေးခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ကတက်ကုန်းကျေးရွာ၊ တိရိစ္ဆာန်သက်ကယ်ကုန်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းတွင် မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနွယ်နွယ်အောင်က ကာကွယ်ဆေးထိုးနှံရခြင်း အကြောင်းဟောပြောဆွေးနွေးပြီး ကျွဲ၊ နွားခွာလိမ်းဆေးအခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် မြစ်ရေဝင်ရောက်နိုင်မည့် ကတက်ကုန်းကျေးရွာမှ နွား(၆၂)ကောင်အား ဒေါင့်သန်းရောဂါနှင့် ပေါင်ပုတ်လက်ပုတ် ကူးစက်ရောဂါ ကာကွယ်ဆေး(အခမဲ့) လိုက်လံထိုးနှံပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ကျန်ရှိနေသော ကျေးရွာများမှ ကျွဲ၊ နွားများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဝေဝေ(လေးမျက်နှာ)