ဖာပွန်မြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေထုတ်ချေး

ဖာပွန် သြဂုတ် ၂၆

 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင်  မြစိမ်းရောင်ကျေးရွာ စီမံကိန်း လည်ပတ်ရန်ပုံငွေထုတ်ချေးခြင်းကို ယမန်နေ့ည နေပိုင်းက ဖာပွန်မြို့နယ်၊ တံခွန်တိုင်ကျေးရွာ၌ ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှသိရှိရသည်။

 ထိုသို့ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေထုတ်ချေးပေးရာတွင် ဒေသခံ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသ ဆင်းရဲမှုနှုန်းကိုလျော့ချလာနိုင်စေရန် ရည်ရွယ်၍ ထုတ်ချေးပေးရ ခြင်းဖြစ်ကြောင်း၊ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များ နှင့်အညီ အိမ်တိုင်ရာရောက်စနစ်ဖြင့် ထုတ်ချေးပေးခဲ့ကြောင်း၊ ချေးငွေများ ထုတ်ချေးရာတွင် တိကျမှန်ကန်မှုရှိစေရန်အတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးနိုင်မင်းဆွေ နှင့်အဖွဲ့မှ VIBER VIDEO CALL စနစ်ဖြင့် ကြီးကြပ်ဆောင်ရွက်ခဲ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါချေးငွေထုတ်ချေးပေးရာ၌ ဖာပွန်မြို့နယ်၊ တံခွန်တိုင်ကျေးရွာရှိ စိုက်ပျိုးရေး လုပ်ကိုင်သူ(၁၂)ဦးအား စုစုပေါင်းချေးငွေ ကျပ်သိန်း(၁၀၀) ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။

စိုင်းကျော်ဝဏ္ဏ(ပြန်/ဆက်)