မင်းဘူးမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေး

မင်းဘူး   ဩဂုတ်   ၂၆

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင်၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့မနက် ၁၁ နာရီ အချိန်က ဆက်လက်ချေးပေးလျက်ရှိရာ အုပ်စုပေါင်း ၁၀ အုပ်စု၊ တောင်သူပေါင်း ၃၈၅ ဦးနှင့် စပါး ၈၇၇ ဧက၊  နှမ်းသီးနှံစိုက်ဧက ၁၆၈၉ ဧကအတွက် စုစုပေါင်းကျပ် ၃၀၁,၉၅၀,၀၀၀ သိန်းကို  ထုတ်ချေးပြီး သွားပြီဖြစ်ကြောင်း မင်းဘူးမြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရ သည်။

 မင်းဘူးမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် အနေဖြင့် ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ယခင်နှစ် ၂၀၂၀ မိုးချေးငွေ ကျေစွာ ပေးဆပ်ပြီးသူ တောင်သူများကိုသာ  ဦးစွာထုတ်ချေးပေးလျက်ရှိပြီး ချေးငွေများ ထုတ်ချေးပေးနေစဉ် ကာလအတွင်း လာရောက်ပေးဆပ်သူ တောင်သူဦးကြီးများ၏ ချေးငွေများ  ပေးဆပ်မှုကို လက်ခံ၍ အသစ်တဖန် ပြန်လည် ထုတ်ချေးပေးလျက်ရှိပြီး ဘဏ်ချေးငွေများ ထုတ်ပေးရာတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက် များနှင့်အညီ ထုတ်ပေးလျက်ရှိပြီး တစ်ဦးနှင့် တစ်ဦး ၆ ပေအကွွာတွင် နေထိုင်ခြင်း၊ လက်ဆေးခြင်း၊ MASK တပ်ဆင်ခြင်း၊ တစ်ဦးပြီးမှ တစ်ဦးအလှည့်ကျ စနစ်များဖြင့် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်းလည်း သိရသည်။

၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရန် လျာထားချက်ရှိသည်မှာ မိုးသီးနှံစပါး တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀၊ နှုန်းနှင့် အခြားသီးနှံ တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀၊ နှုန်းဖြင့် ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း၊ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးပေးရန် ကျန်ရှိနေသေးသည့် ကျေးရွာများမှ တောင်သူများ ကိုလည်း သတ်မှတ်ကာလအတွင်း ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ဘဏ်မန်နေဂျာ ဒေါ်ဇင်ဝင်းမာက ပြောသည်။

 ဇေယျာထက်(မင်းဘူး)