မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများသို့ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ

မင်းဘူး ဩဂုတ် ၂၆

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အနေနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မင်းဘူး(စကု)မြို့နယ်အတွက် ပေးအပ် လှူဒါန်းသော Mask ဗူး ၄၅၀၀ ဗူး၊ အခုရေ ၂၂၅၀၀၀ ခုကို ယမန်နေ့ နံနက် ၈ နာရီ အချိန်မှ စတင်ကာ ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ အိမ်ထောင်စုများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဌ ဦးတင်မြင့်နှင့် ကော်မတီ အဖွဲ့ဝင်များက မင်းဘူးမြို့ အမှတ် ၁၊ ၂၊ ၃၊ ၄ ရှိ ရပ်ကွက်များမှ အိမ်ထောင်စု ဝင်များနှင့် ဈေးများအပြင် အထက ( ၁ ) ကျောင်းဝန်းထဲရှိ ပင်စင်လာရောက် ထုတ်ယူကြသော အဘိုးအဘွားများ၊ ကျောက်တန်း၊ ထောက်ရှာပင်စသော အနီးအနား ကျေးရွာများအထိ သွားရောက်၍ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံ ဝေငှခဲ့ကြောင်း သိရသည်။

ထို့နောက် နှာခေါင်းစည်း Mask များ ဖြန့်ဝေရာတွင် ဩဂုတ်လ ၂၅ ရက်နေ့မှ ၃၁ ရက် နေ့အထိ ဖြန့်ဝေပေးသွားမှာ ဖြစ်ပြီး မင်းဘူး(စကု)မြို့နယ် အတွင်းရှိ အိမ်ထောင်စုပေါင်း ၄၆၇၃၁ စုအား Mask ဗူးပေါင်း ၄၅၀၀၊ အခုရေ ၂၂၅၀၀၀ ခုကို မင်းဘူးနှင့် စကုမြို့ပေါ်ရှိ ရပ်ကွက်များအပြင် ကျေးရွာများရှိ အိမ်ထောင်စုများ လက်ဝယ် အရောက် လိုက်လံဖြန့်ဝေ ပေးသွားမှာ ဖြစ်ကြောင်း မင်းဘူး(စကု)မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဌ ဦးတင်မြင့်က ပြောသည်။

ဇေယျာထက် (မင်းဘူး)