ဝေါ သြဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ ကျေးရွာအုပ်စု နာရေးကူညီမှုအထောက်အကူပြုအဖွဲ့များနှင့် အစည်းအဝေးကို ဝေါမြို့နယ်ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ကျန်းမာရေး၊ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော် က ရှေးဦးစွာ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား ပူးပေါင်း၍ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး မောင်ဌေးက မြို့နယ်အတွင်း ကျန်းမာရေးလုပ်ငန်းများ ပရဟိတအဖွဲ့များအနေဖြင့် တရားဥပဒေနှင့် အညီကူညီဆောင်ရွက်ရန် မှာကြားသည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမျိုးဝင်အောင် က ဒေသခံပြည်သူများ၏ ကျန်းမာရေးကိစ္စအဝဝကို အချိန်နှင့် တပြေးညီကူညီဆောင်ရွက်ရန် အတွက် ပရဟိတသမားများ အနေဖြင့် ရိုးရိုးသားသားလူမှုရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ရေး ပြောကြားခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာသော လူမှုရေးအသင်း၊ နာရေးကူညီမှုအသင်းနှင့် ရပ်ကွက်/ ကျေးရွာအဖွဲ့များမှ ကျန်းမာရေးကိစ္စများ ကူညီဆောင်ရွက်နေကြသည့် နာရေးကူညီမှု အသင်းများအနေဖြင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးကိစ္စများကိုသာ ဥပဒေဘောင်အတွင်း အပြူရောင်သက်သက်ကူညီဆောင်ရွက်ကြရန် နှင့် မိမိမြို့နယ်ကျေးရွာရှိ ပညာရေး၊ကျန်းမာရေး၊လူမှုရေးကိစ္စလုပ်ငန်းများကို ကူညီဆောင်ရွက်ကြရန် ပျဉ်ပုံကြီး တပ်နယ်မှူး ဗိုလ်မှူးကြီးမျိုးရွှေ က လမ်းညွှန်မှာကြားပြီး ပရဟိတအသင်းများ၏ တင်ပြ ဆွေးနွေးလာမှု လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း