ခင်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လူဦးရေ (၄၀၀၀) ကျော်ထိုးနှံပြီး၍ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို ဆက်လက်ထိုးနှံပေးလျက်ရှိ

ခင်ဦး   ဩဂုတ်   ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ ပထမအကြိမ် ထိုးနှံရန် ကျန်ရှိနေသော အသက်(၆၅) နှစ်အထက်ပုဂ္ဂိုလ်များနှင့် ပြည်သူများကို ဩဂုတ်လ ၂၅ ရက် နံနက် ၉ နာရီကစ၍ ပြည်သူ့ဆေးရုံ(မိခင်နှင့်ကလေးကျန်းမာရေးဌာန)တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ရပ်ကွက်၊ ကျေးရွာများရှိ ပထအအကြိမ် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသော အသက်(၆၅) နှစ်အထက်ပုဂ္ဂိုလ်များနှင့် ပြည်သူများကို ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။

ခင်ဦးမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်တွင် ဆေးအလုံး (၁၀၀၀)၊ ဒုတိယအကြိမ်တွင် ဆေးအလုံး (၇၅၀)၊ တတိယအကြိမ်တွင် ဆေးအလုံး (၅၀၀)နှင့် ဆေးတစ်လုံးလျှင် နှစ်ယောက်နှုန်းဖြင့်လည်းကောင်း၊ စတုတ္ထအကြိမ်တွင် ဆေးအလုံး (၁၀၀၀)ကို တစ်ယောက်နှုန်းဖြင့်လည်းကောင်း မြို့နယ်အတွင်းရှိ အသက် (၆၅)နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့် ဦးစားပေးအဆင့်အလိုက် ထိုးနှံပေးလျက်ရှိပြီး  ဩဂုတ်လ ၂၅ ရက်နေ့ထိ လူဦးရေ (၄၇၃၆) ဦးကို ထိုးနှံပေးခဲ့ပြီ ဖြစ်သည်။ ပထမအကြိမ် ထိုးနှံရန် ကျန်ရှိနေသော ပြည်သူများကိုလည်း ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းနှင့် ကျန်ရှိနေသော မြို့နယ်အတွင်းရှိ ပြည်သူများနေဖြင့် လာရောက် ထိုးနှံကြပါရန် နှိုးဆော်ပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံက သိရသည်။

ခင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း (၇၈၂) ဦးရှိပြီး သေဆုံးသူစုစုပေါင်း (၂၂) ဦးနှင့် ဆေးရုံတွင် တက်ရောက်ကုသခံနေသူ (၄၉) ဦးရှိကြောင်း မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာစန်းယုကို ထံက သိရသည်။

စိုးဝေအောင်(ခင်ဦး)