တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာနက Stay at Home ကာလအတွင်း ဒေသခံပြည်သူများ အခက်အခဲမရှိစေရန် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိ

ထားဝယ်  သြဂုတ်  ၂၅

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလ၊ တိုင်းဒေသကြီးအတွင်း  Stay at Home ကြောညာထားရှိသည့် မြို့နယ်များရှိ  ပြည်သူများ အခက်အခဲမရှိစေရေးအတွက် ရည်ရွယ်လျက်  အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ဆီ၊ ကြက်ဥ၊ ကြက်သွန်နီ၊ကြက်သွန်ဖြူ၊အာလူးနှင့် ဂျင်း အစရှိသော မီးဖိုချောင်သုံး ပစ္စည်းများကို စျေးနှန်းသက်သာစွာဖြင့် ဝယ်ယူဖြန့်ဖြူးပေးလျက်ရှိကြောင်းသိရပါသည်။

   "တနင်္သာရီတိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကာလ၊ Stay at Home ကြေညာထားတဲ့ မြို့နယ်တွေ အပါအဝင် မြို့နယ်များမှာရှိတဲ့ ဒေသခံပြည်သူတွေကို ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက် များနဲ့အညီ စနစ်တကျ ဝယ်ယူ ဖြန့်ဖြူးရောင်းချပေးနေတာဖြစ်ပါတယ်။အဓိက ကတော့ ဒေသတွင်း ပြည်သူများရဲ့ စားဝတ် နေရေး အထောက်အကူပြုစေရန်နဲ့ အခြေခံစားသောက်ကုန် တွေဖြစ်တဲ့ ဆန်၊ဆီ၊ကြက်ဥ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စတာတွေကို အခြားသော တိုင်းဒေသကြီး/ပြည်နယ်တွေကတစ်ဆင့် ဝယ်ယူပြီး ဝယ်ယူတဲ့ စျေးနှုန်းအတိုင်း ပြန်လည် ရောင်းချတာ ဖြစ်ပါတယ်။ ရောင်းတဲ့ကုန်ပစ္စည်းတွေ ပြတ်လပ်မှုမရှိအောင်ကိုလည်း ဒီဘက်က ဝယ်လိုအားအလိုက် ပြန်လည်မှာယူထားရှိပါတယ် " ဟု တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က ပြောပြပါတယ်။

  တိုင်းဒေသကြီး သမဝါယမဦးစီးဌာနအနေဖြင့် မြေပဲဆီ သန့်သန့်များကို ယခုနှစ် ဇူလိုင် လဆန်းက စတင်၍ ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ပြီး  မြေပဲဆီသန့်သန့်ကို စျေးနှုန်းမှန်မှန် ကန်ကန်နဲ့ ရောင်းချနိုင်ဖို့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်သမဝါယမအသင်း လီမီတက် တွေနဲ့ ချိတ်ဆက်ပြီး ဝယ်ယူရောင်းချပေးနေခြင်းဖြစ်ကြောင်းသိရသည်။

အလားတူ ဒေသတွင်းကြက်ဥစားသုံးမှုဖူလုံစေရေးအတွက် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၏ အကူအညီရယူကာ ဒေသတွင်း ပြင်ပစျေး ကြက်ဥတစ်လုံးလျှင် ၁၇၀ ကျပ် ရှိသော်လည်း ၁၂၅ ကျပ်ဖြင့်ရောင်းချပေးနိုင်ပြီး  ပေါ်ဆန်းဆန်(မော်လမြိုင်) ၁၂ ပြည်ဝင် တစ်အိတ်လျှင်၂၂၀၀၀ ကျပ်၊ ပေါ်ဆန်းဆန် (ဧရာဝတီ) ၂၆၅၀၀ ကျပ်၊ပဲဆီသန့် တစ်လီတာလျှင် ၄၃၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာ ၂၅၀၀ ကျပ်၊ကြက်သွန်နီ(မြစ်သား)တစ်ပိဿာ ၆၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၁၀၀၀ ကျပ်၊ ဂျင်းတစ်ပိဿာ ၁၅၀၀ ကျပ် တို့ဖြင့် သက်ဆိုင်ရာ မြို့နယ်များအရောက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသဖြင့် ဒေသခံပြည်သူများ စျေးနှုန်း သက်သာစွာဖြင့် ဝယ်ယူလျက်ရှိကြောင်းသိရှိရပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာနအနေဖြင့် Stay at Home ကြေညာထားသည့်ကာလပြီးမြောက်သည်အထိ

 ပြည်သူများ၏ စားဝတ်နေရေး အထောက်အကူပြုစေရန် ဆက်လက်ဖြန့်ဖြူး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြင့်နိုင်စိုး