ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး Mask နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေး

ဝန်းသို ဩဂုတ် ၂၅

လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါသည် နေ့စဉ်နှင့်အမျှ ကူးစက်မှုနှုန်းမြင့်မားလာခြင်းကြောင့် တိုင်းဒေသကြီး၊ပြည်သူများအလိုက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇နာရီ အချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့ပေါ်ရှိ လူစည်ကားရာ မြို့မဈေးနှင့် လမ်းဆုံလမ်းခွနေရာများတွင် Mask နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊မြို့နယ် ပြန်ဆက်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့နှင့် မြို့နယ် ရဲတပ် ဖွဲ့ဝင်များ ပူးပေါင်း၍ ဈေးရောင်း၊ဈေးဝယ်ပြည်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား Mask နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ပြည်သူများအနေဖြင့် အပြင်ထွက်တိုင်း နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်ပြီးမှ သွားလာကြရန်၊ အပြင်မှအိမ်သို့ပြန်ရောက်တိုင်း လက်ကို စနစ်တကျဆေးကြောရန်၊ လူစုလူဝေးရှောင်ကြဉ် သွားလာကြရန် စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များကို တာဝန်ရှိသူများက အသိပညာပေး ပြောကြားပေးခဲ့ကြောင်း သိရသည်။

ကျော်မြိုင်