ဖလမ်း ဩဂုတ်လ ၂၅
ချင်းပြည်နယ်၊ဖလမ်းမြို့ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်ရေးသင်တန်းကို ယမန်နေ့ရက်က ဖလမ်းမြို့နယ်၊ ဇာထီလ် ကျေးရွာတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ဖလမ်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးဝုန်ပြင်းထန်က အမှာစကား ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးနန်ဒိုးဆုမ်းမာန်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ခွင့်ပြုရန်ပုံငွေကျပ်(၃)သန်းဖြင့် သင်တန်းသား(၂၅)ဦးအား ယမန်ရက်နေ့မှ စက်တင်ဘာလ(၇)ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ လူဦးရေအကန့်အသတ်နှင့် Social Distancingဖြင့် ပါးစပ်နှာခေါင်းစည်း(Mask)စနစ်တကျ တပ်ဆင်စေ၍ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းဆင်းပြီးပါက ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နိုင်သည်အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်သည့်အပြင် ဆိုင်ကယ်ဝပ်လျော့ဖွင့်လှစ်ပါက လိုအပ်သည့် ပစ္စည်းကိရိယာများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဖလမ်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်ရေး သင်တန်းအပြင် စိုက်ပျိုးရေးပညာပေးသင်တန်း၊အမျိုးသမီးဇာထိုးပန်းထိုး သင်တန်းများကိုလည်း နှစ်စဉ် ပို့ချ ပေးလျက်ရှိကြောင်း သိရသည်။