ဝါးခယ်မမြို့နယ်တွင် ကိုဗစ်(၁၉)ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား ပြည်သူများ သိရှိနိုင်ရန်လိုက်လံနှိုးဆော်

ဝါးခယ်မ သြဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ကိုဗစ် (၁၉) ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ပြည်သူများသိရှိနိုင်ရန် အသံချဲ့စက်ဖြင့်ယမန်နေ့ နေ့လည်ပိုင်းက မြို့‌ပေါ်ရပ်ကွက် များတွင်လိုက်လံအသိ‌ပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

ထိုကဲ့သို့ဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ် ကိုဗစ်(၁၉)ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့နယ်အတွင်း လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းဂွများနှင့် မြို့မစျေးကြီးရှေ့တို့တွင်မြို့သူမြို့သားများက မိမိတို့အသိစိတ်ဖြင့် တတ်နိုင်သမျှ အပြင်မထွက်ဘဲ အိမ်မှာနေခြင်း၊ မဖြစ်မနေအပြင်သွားရသည့်အခါ Mask တပ်ဆင်ခြင်း၊ Face Shield တပ်ဆင်ခြင်း၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ‌နေခြင်း၊ လက်မကြာခဏဆေးခြင်း စသည့်ကာကွယ်ရေး နည်းလမ်းများကို  ပြည်သူများသိရှိနိုင်ရန်   အသံချဲ့ စက်ဖြင့်လိုက်လံအသိပေးနှိုးဆော် ခဲ့ကြောင်း သိရ

သည်။

စောသန္တာဦး