ချောင်းဦး သြဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဆင်ဖြူရှင်တံတား ခြေရင်းတွင်ယနေ့နံနက် ၉ နာရီအချိန်က ငါးသယံဇာတပြုန်းတီးမှုမဖြစ်စေရေးအတွက် ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပခဲ့သည်။
အခန်းအနားသို့ ချောင်းဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးခင်မောင်မြင့်နှင့် ဦးသန်းထိုက် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။ ချောင်းဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းအောင်ခိုင်မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခင်မောင်မြင့်နှင့် ဦးသန်းထိုက်ထံသို့ ချင်းတွင်းမြစ်အတွင်း ပထမအကြိမ်အဖြစ် ငါးမျိုးစိုက်ထည့်ပေးမည့် ငါးသားပေါက်ကောင်ရေ ၃သိန်းခွဲအား လွှဲပြောင်းပေးအပ်ခဲ့သည်။ အခန်းအနားတက်ရောက်လာသူများက ချင်းတွင်းမြစ်အတွင်းသို့ ၂လက်မအရွယ် ငါးမြစ်ချင်းသားပေါက်အကောင်ရေ ၂သိန်း၊၂လက်မအရွယ် ငါးခုံးမကြီး အကောင်ရေ ၁သိန်းခွဲ အား စုပေါင်းစိုက်ထည့်ပေးခဲ့သည်။
ချင်းတွင်းမြစ်အတွင်း ငါးမျိုးမပြုန်းတီးစေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနမှ နှစ်စဉ်ငါးမျိုးစိုက်ထည့်ပွဲ ပြုလုပ်ပေးခဲ့ကြောင်း ယခင်နှစ်က ငါးမျိုးအကောင်ရေ ၁ သိန်းစိုက်ထည့်ပေးခဲ့သော်လည်း ယခုနှစ်တွင် ၂လက်မအရွယ် ငါးမျိုးအကောင်ရေ ၇ သိန်းစိုက်ထည့်ပေးသွားမည်ဖြစ်ကြောင်း၊ ပထမအကြိမ် အဖြစ်ဇူလိုင်လ၁၅ရက်နေ့က ငါးအကောင်ရေ ၃သိန်းခွဲ စိုက်ထည့်ပေးခဲ့ပြီး ယခုဒုတိယအကြိမ်အဖြစ် ငါးအကောင်ရေ ၃သိန်းခွဲ စိုက်ထည့်ပေးတဲ့အတွက် ချင်းတွင်းမြစ်အတွင်း ငါးအကောင်ရေ ၇ သိန်း စိုက်ထည့်ပေးခဲ့ကြောင်း ရေဦးမြို့နယ် ငါးသားဖောက်စခန်း တာဝန်ခံ ဦးစီးအရာရှိ ဦးပေါလွင်ထံမှ သိရသည်။
ဝင်းမြင့်အောင်