မြိတ် ဩဂုတ်၂၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အောက်ဆီဂျင်လိုအပ်နေသူများအား ရန်ကုန်နှင့် ကော့သောင်း မြို့များမှ မော်တော်ယာဉ်များဖြင့် အောက်ဆီဂျင်အိုးများသယ်ယူ၍ အောက်ဆီဂျင်သွားရောက် ဖြည့်တင်းပေးခြင်း ဝန်ဆောင်မှုကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောက်ဆီဂျင်လိုအပ်သူများအတွက် အောက်ဆီဂျင်အိုးလွတ်များကို United KMK Myeikမှ ရန်ကုန်သို့ သယ်ယူ၍ အောက်ဆီဂျင်(၄၀)လီတာအိုး စုစုပေါင်း(၃၀၅)အိုးကို အောက်ဆီဂျင်ဖြည့်တင်းပြီး သယ်ဆောင်လာ သည့် မော်တော်ယာဉ်သည် မြိတ်မြို့ အဝေးပြေးကားဝင်းသို့ ယမန်နေ့နံနက်ပိုင်းတွင် ရောက်ရှိလာခဲ့၍ အောက်ဆီဂျင်(အခမဲ့)၊ မော်တော်ကားခနှင့်အလုပ်သမားခဖြင့်သာ အောက်ဆီဂျင် လိုအပ်သူများအား ဝန်ဆောင်မှု ပေးခဲ့ကြောင်း သိရသည်။
“မြိတ်မှာ အောက်ဆီဂျင်လိုအပ်သူတွေအတွက် တစ်ဘက်တစ်လှမ်းမှ ကူညီပံ့ပိုးပေးနိုင်အောင် ရည်ရွယ်ချက်နဲ့ ကုမ္ပဏီအနေနဲ့သွင်းလာတဲ့ Luquid Oxygen Plant မှ အောက်ဆီဂျင်များအား လှူဒါန်းတာဖြစ်ပါတယ်။ အောက်ဆီဂျင်လိုအပ်တဲ့ ပြည်သူတွေနဲ့ ပရဟိတအဖွဲ့တွေကို ကားခနဲ့အလုပ်သမားခပဲ ကျသင့်ပြီး အောက်ဆီဂျင် ကို လှူဒါန်းတာဖြစ်ပါတယ်။ မြဝတီဘက်မှ အောက်ဆီဂျင်များ တင်သွင်းပြီး ပြည်သူ့ဆေးရုံနဲ့ ဆေးကုသဆောင် တွေကို ဆက်လက်လှူဒါန်းဖို့ရှိပါတယ်” ဟု United KMK Myeik မှ ဒါရိုက်တာ ဦးထွန်းလင်း က ပြောသည်။
အောက်ဆီဂျင်လိုအပ်သူများအား ရန်ကုန်သို့ အောက်ဆီဂျင်အိုး လွတ်များသယ်ဆောင်၍ United KMK Myeik ကုမ္မဏီမှ အောက်ဆီဂျင် ဖြည့်တင်းလှူဒါန်းခြင်းသည် ပထမအကြိမ်ဖြစ်ပြီး ဆက်လက်ပြီး သယ်ဆောင် ဖြည့်တင်း လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အတူ မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမိတက်မှလည်း အောက်ဆီဂျင်လိုအပ်သည့်ပြည်သူများအတွက် ကော့သောင်းမှတဆင့် ရနောင်းမြို့တွင် အောက်ဆီဂျင်အိုးလွတ် များ သယ်ဆောင်၍ ကုန်ကျစရိတ်အတိုင်းသာ သွားရောက်ဖြည့်တင်း၍ ပြည်သူများအား ဝန်ဆောင်မှုပေးလျက်ရှိ ရာ (၁၂)ကြိမ်သွားရောက်သယ်ယူပြီးဖြစ်ကြောင်း သိရသည်။
မြိတ်မြို့တွင် အောက်ဆီဂျင်စက်ရုံအနေဖြင့် ဂန္ဓမာအောက်ဆီဂျင်စက်ရုံတစ်ရုံရှိပြီး အောက်ဆီဂျင်ထပ်မံ လိုအပ်သည့်ပြည်သူများအတွက် စေတနာရှင်အလှူရှင်များမှ ဖြည့်တင်းခြင်းဝန်ဆောင်မှုကို တစ်ဖက်တစ်လှမ်း မှ ဆောင်ရွက်ပေးခြင်းဖြစ်သည်။ မြိတ်မြို့ပြည်သူ့ဆေးရုံနှင့် ပြည်သူများအတွက် အောက်ဆီဂျင်စက်ရုံကို တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် အောက်ဆီဂျင်စက်ရုံတစ်ရုံနှင့် စေတနာရှင်အလှူရှင်များမှ လှူဒါန်း သည့် အောက်ဆီဂျင်စက်ရုံတစ်ရုံကို တည်ဆောက်လျက်ရှိပြီး စက်ပစ္စည်းများ မှာယူထားရှိ၍ မကြာမီ တပ်ဆင် လည်ပတ် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး