ရွှေသောင်ယံ ဩဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် ၈ နာရီက သက်လျှင် အထွက်ကောင်း ပခန်းရွှေဝါ မျိုးကောင်းမျိုးသန့် စပါးများအား ရွှေသောင်ယံမြို့ စိုက်ပျိုးရေး ဦးစီးဌာန၊ ဦးစီးမှုးဦးဇော်မြင့်နှင့် ဝန်ထမ်းများမှ မျိုးစေ့ချကရိယာဖြင့် လယ်ယာစိုက်ခင်းများတွင် လာရောက် သရုပ်ပြ စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သက်လျှင်ပခန်းရွှေဝါ မျိုးကောင်းမျိုးသန့်စပါးမှာ သက်တမ်း (၁၁၅)ရက်မှ (၁၂၀)သက်တမ်း ရှိသော စပါးမျိုးဖြစ်ပြီး လယ်သမားများအနေနဲ့ စိုက်ပျိုးရေး ဦးစီးဌာနမှ တစ်တင်းခွဲ မျိုးစပါး တစ်အိတ်ကို (၁၅၀၀၀)နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရပြီး စပါးမျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးပါက လယ်တစ်ဧကကို စပါးတစ်တင်းနှုန်းခန့်သာ ကုန်ကျပြီး ပျိုးနှုတ်၊ ကောက်စိုက် စရိတ်များပါ သက်သာသည့်အတွက် လယ်သမားများအဖို့ တွက်ခြေကိုက်သော စနစ်တစ်ခုဖြစ်သည်။
စိုက်ပျိုးရေး ဦးစီးဌာနမှ ရွှေသောင်ယံမြို့နှင့် ချောင်းသာမြို့ ကံကြီးကျေးရွာတို့တွင် သက်လျှင် အထွက်ကောင်း ပခန်းရွှေဝါ မျိုးများကို လယ်ဧက (၃၆)ဧကခန့်၌ မျိုးစေ့ချကိရိယာဖြင့် လိုက်လံစိုက်ပျိုး ပြီးစီးကြောင်း သိရသည်။
ကိုကိုမောင် (ပြန်/ဆက်)