စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းရေး ဆွေးနွေးပွဲ ပြုလုပ်

မြင်းမူ ဩဂုတ် ၁၃

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက်  ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ကိစ္စရပ်များကို စေ့စပ်ညှိနှိုင်းဖြေရှင်းပေးရန်အတွက်  မြို့နယ်အဆင့်  ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် အထွေထွေရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ပြုလုပ်ခဲ့သည်။

ကော်မတီဖွဲ့စည်းရေးနှင့် ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဉာဏ်ထွန်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး   ဦးစီးအရာရှိ ဦးအောင်ခိုင်ဇော်တို့မှ ကော်မတီ ဖွဲ့စည်းရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရှိရသည်။

စေ့စပ်ညှိနှိုင်းရေးအဖွဲ့ ဖွဲစည်းရာတွင် သက်ဆိုင်ရာ ပါတီအသီးသီးမှ  ပါတီကိုယ်စားပြု ကိုယ်စားလှယ် (၁) ဦးစီနှင့် မြို့နယ်နှင့် ရပ်ကွက်အသီးသီးမှ ဩဇာရှိသူ အများဆုံး (၅) ဦးထိ ပါဝင်ဖွဲ့စည်းနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းပြုစု စီစစ်ရေး အတွက် မဲစာရင်းများ စီစစ်ရေးကော်မတီကိုလည်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များဖြင့်  ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)