ကသာ ဩဂုတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးနိုင်ရေးအတွက် ခရိုင် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဖွဲ့စည်းထားသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေးလုပ်ငန်းကော်မတီမှ ဩဂုတ်လ (၂၃)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ကသာမြို့ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign နှင့် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကသာမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဇော် ဦးဆောင်၍ ခရိုင်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကသာမြို့ တပ်မတော်လမ်းတစ်လျှောက်ရှိ လမ်းဆုံနေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းအဖြစ် ပြည်သူများအား Mask (နှာခေါင်းစည်း) အခု(၃၀၀) ပေးဝေခြင်းနှင့် ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကြေညာချက်များကို အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းစသည့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများကလည်း အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)