တကူ(စံပြ)တိုက်နယ်ဆေးရုံသို့ ရန်ကုန်မြို့မှ အလှူရှင်မိသားစုမှ Oxygen Cylinder 40L အိုး(၁၀)လုံးနှင့် Oxygen Flow Meter (၁၀)ခုပေးပို့လှူဒါန်း

တနင်္သာရီ ဩဂုတ်လ

 

တနင်္သာရီတိုင်းဒေသကြီးတနင်္သာရီမြို့နယ်တကူ(စံပြ)တိုက်နယ်ဆေးရုံရှိ ကိုဗစ်-၁၉ လူနာများအတွက် အရေးပေါ်အသုံးပြုနိုင်ရန် ရည်ရွယ်၍ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များမှ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အလှူငွေများပေးပို့ လှူဒါန်းလျက်ရှိကြရာ ယနေ့ နံနက် ၁၀ နာရီတွင် အလှူရှင် ရန်ကုန်မြို့မှ ဒေါ်ကုတ်ဝါနှင့် သားသမီးများ မိသားစုက ပေးပို့လှူဒါန်းသော အောက်ဆီဂျင်ဖြည့်ပြီး အသင့်အသုံးပြုနိုင်သော  Oxygen  Cylinder 40L အိုး(၁၀)လုံးနှင့် Oxygen Flow Meter (၁၀)ခုတို့အား ဝမ်းမြောက်စွာ လက်ခံရှိကြောင်း တာဝန် ခံဆရာဝန် Dr.ဖြိုးမြင့်ကြည်ထံက သိရှိရသည်။

တကူ(စံပြ)တိုက်နယ်ဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါ လူနာပေါင်းလက်ရှိမှာ (၉၇)ဦးအနက် ကော့မပြင်းကျေးရွာမှ အမျိုးသမီးတစ်ဦးကိုတော့ အောက်ဆီဂျင် ကျနေလို့ အရေးပေါ် ပေးရှူနေရပါတယ်။  အောက်ဆီဂျင် အသင့်ရှိနေခြင်းက အရေးပေါ်လူနာများအတွက် ပိုမိုအဆင် ပြေတာပေါ့။ ကျနော်တို့ ဆေးရုံမှာ ယခင်ကတဲ့က ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး (၁၀)လုံး ရှိပေမယ့် အရေးပေါ်အောက်ဆီဂျင် လိုအပ်တဲ့အခါမျိုးမှာ ကျနော်တို့ဆေးရုံနဲ့ မိုင်(၅၀)ဝေးတဲ့ မြိတ်မြို့မှာ ပရဟိတအဖွဲ့တွေရဲ့ အကူအညီနဲ့ သွားရောက်ပြီးတော့ ဆောက်ဆီဂျင် ဖြည့်တင်းခြင်းကို ဆောင်ရွက်နေရပါတယ်။ အခကြေးငွေ ကုန်ကျမှုများတဲ့အပြင် အချိန်မီရရှိဖို့အတွက် အခက်အခဲများစွာရှိကြောင်း၊ အခုလိုမျိုး အသင့်အသုံးပြုနိုင်တဲ့ အောက်ဆီဂျင်အိုး လှူဒါန်း ပေးတဲ့အတွက် စေတနာရှင်အလှူရှင်များအားလုံးကို အထူးပဲ့ကျေးဇူးတင်ရှိပါကြောင်း၊ ခရီးသွားလာမှုအဆင်ပြေတဲ့အခါမျိုးမှာ ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးပို့နိုင်အောင် စီစဉ်ထား ပါကြောင်း“ ဒေါက်တာဖြိုးမြင့်ကြည်က ပြောပြခဲ့သည်။

ဆက်လက်ပြီး နယ်ပယ်အသီးသီးမှ အလှူရှင်များအနေဖြင့်  တကူ(စံပြ)တိုက်နယ် ဆေးရုံရှိ ကိုဗစ်-၁၉ ရောဂါလူနာများအတွက် အောက်ဆီဂျင်အိုးများ၊ အလှူငွေများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများ၊ PPE ဝတ်စုံများ၊ ဆေးဝါးပစ္စည်းများကို လှူဒါန်းလိုပါက တကူကျေးရွာအုပ်စု-ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ Ph-09-262172490၊ 09-795 082 067၊ 09-261 641 157 တို့သို့ ဆက်သွယ်၍ ဆက်လက် လှူဒါန်းနိုင်ပါကြောင်း ထပ်မံသိရှိရသည်။

တကူ(စံပြ)တိုက်နယ်ဆေးရုံမှ တာဝန်ယူ၍ ယနေ့အထိ ဆေးဝါးကုသပေးနေသော ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် လူနာပေါင်းမှာ(၉၇)ဦးရှိကြောင်း၊ ဇီဝိတဒါနဆေးရုံ သီးသန့်လူနာဆောင်၊ ဆေးရုံဝန်ထမ်းအိမ်ရာ၊ အလက(ခွဲ)သံတိုက်ကျောင်း Positive Cemtre နှင့် အထက(ခွဲ) သာရဘွင်ရွာ Positive Cemtre တို့အတွင်း သီးသန့်ကျန်းမာရေးစောင့်ကြပ်၍ ဆေးဝါး ကုသပေးလျက်ရှိနေကြောင်း သိရသည်။

 

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)