ကဝ သြဂုတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကဝမြို့၏ မြောက်ဘက် (ကဝ-ထုံးကြီး) ပဲခူးမြစ်ကူး တံတားအနီးရှိ မြို့အဝင်ဂိတ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို အရှိန်အဟုန်မြှင့်၍ ကာကွယ်ထိန်းချုပ်လျက်ရှိရာ မြို့နယ် ပြင်ပ ထွက်ခွာသူများနှင့် မြို့တွင်းဝင်ရောက်လာကြသူများအား ကြပ်မတ်စစ်ဆေးမှုများကို ယနေ့ နံနက် ၈ နာရီမှ ၁၆ နာရီအထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကဝမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့ဝင်မှ ရဲအုပ်သန်းထွန်းက ကဝမြို့နယ် ပြင်ပထွက်ခွာသူများ၊ အခြားမြို့ရွာများမှ ကဝမြို့အတွင်း ဝင်ရောက်လာကြသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု လျော့နည်းကျဆင်းရေးအတွက် ကျန်းမာရေးအခြေအနေအရ မဖြစ်မနေ သွားရောက်ရမည့်ကိစ္စ၊ တည်ဆောက်ရေးနှင့် ကုန်စည်ဖြန့်ဖြူးမှု ကိစ္စရပ်များမှ လွဲ၍ အတတ်နိုင်ဆုံး အိမ်ပြင်မထွက်ဘဲနေထိုင်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များအား တိကျစွာ လိုက်နာကြရန် ၊ လိုက်နာဆောင်ရွက်ခြင်းမရှိပါက သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်ခြင်း ခံရမည်ဖြစ်ကြောင်းတို့ကို အသိပညာပေး ပြောကြားသည်။
အဆိုပါ စစ်ဆေးမှုတွင် တာဝန်ကျဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)