ကောလင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အလုံး ၅၀၀ အား ထပ်မံထိုးနှံပေးလျက်ရှိ

ကောလင်း ဩဂုတ်  ၂၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ထပ်မံရရှိသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) အလုံး ၅၀၀မှ ကျန်ရှိသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ယနေ့ နံနက် ၉  နာရီအချိန်တွင်  မြို့နယ်ပြည်သူ့ဆေးရုံ၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဝန်ထမ်းများနှင့် ပြည်သူများအား ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကောလင်းမြို့နယ်၌ ထပ်မံရရှိသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) အလုံး ၅၀၀ ကို မြို့နယ်ပြည်သူ့ဆေးရုံ၌ သြဂုတ် ၁၉ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဝန်ထမ်းများနှင့် ပြည်သူများအား  မြို့နယ်ပြည်သူ့ ဆေးရုံတို့တွင်  ထိုးနှံပေးခဲ့ရာ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၂၅ ဦး၊  သြဂုတ် ၂၀ရက်နေ့တွင် မြို့မရဲစခန်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံတွင်  အမျိုးသား ၄၆ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၅၁ ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီမှ သိရသည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက ပြည်သူများလိုက်နာ ဆောင်ရွက်ရမည့် ကျန်းမာရေး ညွှန်ကြားချက်များအတိုင်း လူစုလူဝေးမဖြစ်စေရေး မြို့နယ်ဆရာဝန်ကြီး ဦးဆောင်ပြီး ဆေးထိုးစုရပ်အသီးသီး၌ ကာကွယ်ဆေးထိုးရာတွင် ပါဝင်ဆောင်ရွက်ကြသော ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ထွေ/အုပ်ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ကာကွယ်ဆေးထိုးရန် သတ်မှတ်ချက်(၁၂)ချက်နှင့် အကျုံးဝင်သူများအား စစ်ဆေး၍ စာရင်းကောက်ခြင်း၊ ကျန်းမာရေးစစ်ဆေးကာ သွေးပေါင်ချိန်ခြင်း၊ ကာကွယ် ဆေးထိုးခြင်း၊ ဆေးထိုးပြီးနားနေစေခြင်းတို့ကို တာဝန်ကိုယ်စီသတ်မှတ်ပြီး ကာကွယ်ဆေးထိုး ပေးခဲ့သည်။

ကောလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ကို စက်တင်ဘာလတွင် ပြန်လည် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီမှ သိရသည်။

 

မြင့်ထွန်းမင်း(ကောလင်း)