ဇီးကုန်းမြို့နယ် ထန်းတပင်-သစ်ဖြူပင်-ရေတာရှည် ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ဇီးကုန်း     ဩဂုတ်  ၂၂

 ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်၌ ထန်းတပင်-သစ်ဖြူပင်-ရေတာရှည် ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးမှုအား မြို့နယ်တည် ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

ဇီးကုန်းမြိုနယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မိုးနှင့် မြိုနယ်တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင်များသည် ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၂၄၀)ဖြင့် Multi  Power Tower  ကုမ္ပဏီက တာဝန်ယူ‌ဆောင်ရွက်သော  ထန်းတပင်-သစ်ဖြူပင်-ရေတာရှည် ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှုကို  သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြည့်စုံစေရေး ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။ အဆိုပါလမ်းသည် အရှည်၁/၀ မိုင်၊ အကျယ် ၁၂ပေနှင့် ထု ၁၅ လက်မ ရှိပြီး ၂၀၂၁ခုနှစ် မတ်လ ၁၅ ရက်မှ စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီး၍ ပြည်သူများ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းကတ္တရာခင်းကျင်းမှုပြီးစီးသဖြင့် ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး ယခင်ကထက် ပိုမိုအဆင်ပြေလွယ်ကူစေပြီး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ကုန်စည်စီးဆင်းမှု များ ပိုမိုတိုးတက်ကောင်းမွန်လာစေမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ဆက်လက်၍ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မိုးနှင့် မြိုနယ်တည်ဆောက်ရေး လုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင်များသည် ဇီးကုန်း-ဘော်ဘင်လမ်း (အရှည် ၂.၀၄ မိုင်)အား ကတ္တရာထပ်ပိုး လွှာခင်းကျင်းပြီးစီးမှုအားလည်းကောင်း၊ လေးမျက်နှာကျေးရွာ ဘော်ဘင်ချောင်းကမ်းပါးပြို ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း၊ လယ်တွင်း-ထန်းရှစ်ပင်-လွှစင်ကုန်းလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)