ချောင်းသာမြို့အတွင်းရှိ သံဃာတော်အပါး(၁၀၀)ကျော်အတွက် ဆန်၊ဆီ၊ပဲ၊ကြက်သွန် ကျပ်သိန်း (၅၀) ကျော်ဖိုးလှူဒါန်း

ချောင်းသာ    သြဂုတ်    ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့အတွင်းရှိ သံဃာတော် အပါး(၁၀၀)ကျော်အတွက် ဆန်၊ ဆီ၊ပဲ၊ ကြက်သွန် စသည့် ကျပ်သိန်း (၅၀)ကျော်ဖိုး လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ချောင်းသာကမ်းခြေ ဒေါနတောင် တောရကျောင်းတိုက် သုံးထပ်ဆောင် ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး၊ ချောင်းသာရွာသစ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိဇယထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

"အခုကျင်းပမဲ့ သံဃာဒါန ဆန်၊ဆီ၊ပဲ၊ကြက်သွန် ဆိုတဲ့ အလှူတော်ပွဲကြီးကို ဦးဇင်းတို့ ချောင်းသာကမ်းခြေ ဒေါနတောင်ကျောင်းတိုက်မှာ ဒါပထမဆုံးကျင်းပတာ ဖြစ်ပါတယ်၊ ကိုဗစ် တတိယလှိုင်းမှာ ဆရာတော် သံဃာတော်တွေ၊ ဒကာ ဒကာမတွေမှာ အခက်အခဲတွေရှိကြတော့ ဦးဇင်းတို့က ကူညီမယ်ဆိုပြီးအဓိက အမာခံကို စဉ်းစားကြည့်လိုက်တော့ အောင်လင်းသူနဲ့ ကမ္ဘာလင်း ကုမ္ပဏီတွေကို ပြောပြလိုက်တယ်၊ သူတို့က ကျပ်(၂၅)သိန်းဖိုး မတည်လှူဒါန်းခဲ့တယ်၊ ဦးဇင်းက ဒကာ ဒကာမတွေကို ထပ်ပြီးတော့ အလှူခံလိုက်တော့ ကျပ်(၂၅)သိန်းဖိုးရတယ်၊ အားလုံးပေါင်း ကျပ်သိန်း(၅၀)ရတယ်၊ ဆရာတော်ဘုရားတွေအတွက် ဒီဝါတွင်းတစ်တွင်းလုံးစာ ဝါကျွတ်တဲ့အထိ လုံလောက်သွားပါတယ်" ဟုဒေါနတောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိဝေက  မိန့်ကြားခဲ့ပါသည်။

ထို့နောက် ဒေါနတောင်ဆရာတော်ထံမှ ရေစက်ချအနုမောဒနာတရား နာကြားကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။အခမ်းအနားသို့ ချောင်းသာမြို့အတွင်း ရှိ ဘုန်းတော်ကြီးကျောင်းပေါင်း(၃၁)ကျောင်းအတွက် လှူဖွယ်ပစ္စည်း စုစုပေါင်း(၃၂)မျိုး လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ချောင်းသာ