ကလေး ဩဂုတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် သီတဂူဆရာတော်ကြီး၏ ဩဝါဒကိုခံယူ၍ မဟာသန္တာရုံ စာသင်တိုက်၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တပုညသေဌ ဦးဆောင်ပြီး သီတဂူအာရောဂျဒါန (မျက်စိ)ဆေးရုံဝန်းအတွင်း တည်ဆောက် လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံသည် တည်ဆောက်ရေး လုပ်ငန်းများ ရာခိုင်နှုန်းပြည့် ပြီးစီးသောကြောင့် (၄၀)လီတာ ဆံ့ အောက်ဆီဂျင်အိုးများ ဖြန့်ဖြူးပေးနေပြီ ဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်ထံမှ သိရသည်။
အောက်ဆီဂျင်စက်နှင့် စက်ပစ္စည်းများ ဩဂုတ် ၁၄ ရက်နေ့တွင် ကလေးမြို့သို့ ရောက်ရှိ၍ ဩဂုတ် ၁၇ ရက်နေ့တွင် စတင်လည်ပတ်ပြီး ကလေးမြို့ရှိ လူမှုရေးအဖွဲ့အစည်းများဖြစ်သည့် မတ္တောထွဋ်ခေါင်၊ ရွှေညီကိုများ၊ နတ်ချောင်း၊ ဆည်တော်ဦး၊ အောင်ရတနာ အစရှိသော လူမှုကူညီရေးအသင်းအဖွဲ့မျာထံ ၄၀လီတာ အောက်ဆီဂျင်အိုးများကို ဖြည့်ပေးနေပါကြောင်း ကလေးမြို့ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးဌေးအောင်မှ ပြောကြားသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန်အတွက် သီတဂူဆေး(မျက်စီ)ရုံမှ ကျပ်သိန်း (၆၀၀) မတည်၍ ပြည်တွင်းပြည်ပအလှူရှင်များ၏ ထည့်ဝင်ငွေများဖြင့် တည်ဆောက်ခဲ့သည့် အောက်ဆီဂျင် စက်ရုံသည် စုစုပေါင်း ကုန်ကျတန်ဖိုးမှာ သိန်းပေါင်း ၃၂၅၀ ရှိပြီး ၂၄ နာရီအတွင်း ၄၀ လီတာ အောက်စီဂျင်အိုး ၂၀၀ ထွက်ရှိနိုင်သော်လည်း တစ်ရက်လျှင် ၁၀ နာရီလည်ပတ်မောင်းနှင်ပြီး ၄၀ လီတာအိုး ၁၀၀ ကို ထည့်သွင်းဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း နှင့် အောက်ဆီဂျင် လိုအပ်မှုများရှိ လျှင်ဖြစ်စေ၊ လှူဒါန်းလိုလျှင်ဖြစ်စေ ဖုန်းနံပါတ်-၀၉၄၀၀၅၄၅၄၂၂၊ ၀၉၂၅၀၈၇၁၀၈၇ ဆက်သွယ်နိုင် ကြောင်း သိရသည်။
မောင်ကျော်