ကော့သောင်းမြို့နယ်အား Stay at Home မြို့အဖြစ် သတ်မှတ်ဆောင်ရွက်

ကော့သောင်း    သြဂုတ်   ၂၁

ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများနှင့် တစ်ဆင့် ကူးစက်ခံရသူများ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် စိုးရိမ်ဖွယ်ရာပျံ့နှံ့ဖြစ်ပွားလျက်ရှိရာ ရောဂါကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း ခရိုင်၊ ကော့သောင်းမြို့နယ်အား သြဂုတ်လ ၂၁ရက်နေ့မှစတင်ကာ Stay at Home မြို့အဖြစ်သတ်မှတ် ကြေညာဆောင်ရွက်ထားရှိကြောင်းသိရသည်။

ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမှာ နေ့စဉ်များပြားလျက်ရှိပြီး အဆိုပါ ရောဂါကြောင့်သေဆုံးမှုဖြစ်စဉ်များလည်း နေ့စဉ်ဖြစ်ပွားလျက်ရှိသဖြင့် ရောဂါထိန်းချုပ်မှု လုပ်ငန်းများ ထိရောက်ရေးနှင့်ကူးစက်ဖြစ်ပွားမှုနှုန်းကျဆင်းလာစေရေးရည်ရွယ်ကာ ၂၀၂၁ခုနှစ်၊ သြဂုတ်လ (၂၁)ရက်နေ့၊စနေနေ့မှစတင်ကာ Stay at Home မြို့အဖြစ် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကြေညာဆောင်ရွက်ခြင်း ဖြစ်သည်။

မြို့နေပြည်သူများအနေဖြင့် အဆိုပါနေ့ရက်မှစတင်ကာ  နေအိမ်ပြင်ပသို့သွားလာရာတွင် သတ်မှတ်ထားသည့်အပြင် ထွက်ခွင့်လက်မှတ်ဖြင့်သာ သွားလာစေခြင်း၊  အိမ်ထောင်စု တစ်စုလျှင် တစ်ဦးသာအပြင်ထွက်ခွင့်ပြုခြင်း ၊အရေးပေါ်ကျန်းမာရေးကိစ္စဖြစ်ပေါ်လာပါက အိမ်ထောင်စု တစ်စုလျှင်(၂)ဦးထွက်ခွင့်ပြုခြင်း၊  MASK  မျက်နှာနှာခေါင်းစည်း တပ်ဆင်ပြီးမှ အပြင်သို့ သွားလာစေခြင်း၊ အပြင်ထွက်ခွာခွင့်ကဒ်ပြားများအား ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး အဖွဲ့များမှတဆင့် အချိန်မီဖြန့်ဝေပေးခြင်း၊ တာဝန်ရှိသူများမှ စစ်ဆေးမေးမြန်း ပါက အကြောင်းပြချက်ခိုင်လုံစွာပြောဆို နိုင်ရမည်ဖြစ်ခြင်း စသည့်စည်းကမ်းချက်များ သတ်မှတ်ပြဌာန်းကာ မြို့အနှံ့အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်လျက်ရှိပြီး ဖေါက်ဖျက် ကျူးလွန်ပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေနှင့် အခြားတည်ဆဲဥပဒေ များနှင့်အညီ  အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။

 ကျော်စိုး(ကော့သောင်း)