ငဖဲမြို့ ချင်းစုရပ်ကွက်တွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီး

ငဖဲ ဩဂုတ် ၂၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ချင်းစုရပ်ကွက် အရှေ့ဘက်ရှိလယ်မြေများတွင် ရာသီအချိန်အခါမရွေးစိုက်ပျိုးကြသော စပါးနှင့်အခြားသီးနှံများ စိုက်ပျိုးရေလုံလောက်စွာရရှိနိုင်ရေးနှင့် မြေအောက်ရေကို ထုတ်ယူသုံးစွဲနိုင်စေရေးတို့အတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သည့်စက်ရေတွင်း(၄)တွင်းတူးဖော်ခြင်းလုပ်ငန်းကို ဇူလိုင်လ ၆ ရက်နေ့ကစတင်ဆောင်ရွက်ခဲ့ရာ ဩဂုတ်လ အတွင်းဆောင်ရွက်ပြီးစီးပြီဖြစ်၍ ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် Pro Engineering Co.Ltd မှတာဝန်ခံအင်ဂျင်နီယာဦးမင်းသီဟက မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးမျိုးအောင်၊ မင်းဘူးခရိုင် ဦးစီးမှူးဦးတင့်လွင်ဦး၊ ငဖဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဝိုင်းယုမော်တို့အား ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် တိုင်းဒေသကြီးဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် သန်း (၃၆.၁၃၁) ဖြင့်  Pro Engineering Co.Ltd မှ တာဝန်ယူဆောင်ရွက်ပေးသည့် 4"ဒိုင်ယာမီတာ PVC (40' ) စက်ရေတွင်း (၄)တွင်း တူးဖော်ခြင်းနှင့် ရေမြှပ်ပန့်တပ်ဆင်ခြင်းလုပ်ငန်း၊ 2 (40'×40'×5' ) ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ၊ကြမ်းခင်းခြင်းလုပ်ငန်းနှင့် Solar stamp အတွက် ကွန်ကရစ် တိုင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှူအခြေအနေများကို တင်ပြဆွေးနွေးရာ တာဝန်ရှိသူများက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်၍ဆွေးနွေးမှာကြားခဲ့သည်။

အဆိုပါစက်ရေတွင်းကို ငဖဲမြို့မရပ်ကွက်မှ တောင်သူဦးသောင်းမြင့်၏ လယ်မြေတွင် တူးဖော်ဆောင်ရွက် ထားရှိခြင်းဖြစ်ပြီး ချင်းစုရပ်ကွက်အရှေ့ဘက်ရှိ လယ်မြေများတွင် ရာသီမရွေးစိုက်ပျိုးရေ လုံလောက်စွာ သုံးစွဲရရှိနိုင်ပြီဖြစ်ကာ တောင်သူ(၁၇)ဦး၏ စိုက်ဧက(၂၀) ကို အကျိုးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)