မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၉၀၀)ကျော်ရှိပြီး သေဆုံးသူ (၆၉) ဦးအထိရှိလာ

မင်းဘူး  ဩဂုတ်  ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ (တတိယလှိုင်း)တွင် ယမန်နေ့အထိ ပိုးတွေ့အတည်ပြုလူနာပေါင်း (၉၀၀)ကျော် တွေ့ရှိထားပြီး သေဆုံးသူ (၆၉) ဦးအထိ ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ထံမှ သိရသည်။

မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခြင်းများကို မင်းဘူးမြို့တွင် နှစ်နေရာနှင့် စကုမြို့တွင် နှစ်နေရာ စုစုပေါင်း (၄)နေရာခွဲ၍ RTD Test Kits ဖြင့် ကျန်းမာရေးဝန်ထမ်းများက နေ့စဉ်အခမဲ့ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ်လ ၁၈ နေ့ရက်က ပိုးတွေ့အတည်ပြု လူနာသစ်(၉)ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး၊ ထပ်မံသေဆုံးသူ (၃)ဦးရှိကြောင်း၊ ပိုးတွေ့ရှိသူများမှာ မင်းဘူးမြို့ အမှတ်(၁) ရပ်ကွက်က တစ်ဦး၊ စကုမြို့ အမှတ်(၁)ရပ်ကွက်က တစ်ဦး၊ ဆင်လမ်းကြီးကျေးရွာက (၅)ဦး၊ တော ကျောင်းကုန်းကျေးရွာက တစ်ဦးနှင့် ပွင့်ဖြူမြို့နယ်၊ ဘိုကုန်းကျေးရွာက တစ်ဦးတို့ ဖြစ်ကြောင်း မြို့နယ် Covid-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့် က ပြောသည်။

မြို့နယ်အတွင်း ပိုးတွေ့အတည်ပြုလူနာများကို ကုသရေးစင်တာများသို့ ပို့ဆောင်ပေးခြင်းနှင့် ပိုးတွေ့ သေဆုံးလူနာများ မီးသင်္ဂြိုလ်စက်သို့ ပို့ဆောင်ပေးခြင်းများကို မင်းဘူးမြို့တွင် ဗြဟ္မစိုရ်လူမှု ကူညီရေး အသင်းနှင့် စကုမြို့တွင် မြတ်စေတနာ နာရေးကူညီမှုအသင်းများက ကူညီဆောင်ရွက်ပေး လျက်ရှိ ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ (တတိယလှိုင်း)တွင် ယမန်နေ့ ညပိုင်း အချိန်ထိ ပိုးတွေ့ အတည်ပြု လူနာ စုစုပေါင်း (၉၂၅) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၇၄၃)ဦးနှင့် တက်ရောက်ကုသဆဲလူနာ (၁၁၃)ဦးရှိပြီး သေဆုံးသူ (၆၉)ဦး အထိရှိခဲ့ကြောင်း  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

 

မောင်မောင်(မင်းဘူး)