မင်းဘူး ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသည့် ကိုဗစ်-၁၉ လူနာများနှင့် အောက်ဆီဂျင် အရေးပေါ် လိုအပ်သော လူနာများအတွက် အမှန်တကယ် လိုအပ်နေသော Oxygen Concentrator အသက်ရှူစက်များ ဝယ်ယူနိုင်ရန်အတွက် စကုမြို့အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများက အလှူငွေများကို စုပေါင်းထည့်ဝင် လှူဒါန်းပေးလျက်ရှိကြောင်း စကုမြို့အုပ်ချုပ်ရေးမှူး ဦးကြည်မင်းထံမှ သိရသည်။
အသက်ရှူစက်များ ဝယ်ယူလှူဒါန်းနိုင်ရန် တစ်ဦးချင်းအလှူရှင်များနှင့် စကုမြို့အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာ/အုပ်စုများဖြစ်ကြသည့် ဥယျဉ်ဇင်၊ လက်ခုပ်ပင်၊ ဖြူကုန်း၊ မင်းရွာ၊ ရေပုတ်၊ ပေကုန်း၊ ကဘဲ့မကြီးချောင်း၊ ပင်လယ်သက်နှင့် ကြီးကန် စသည့် ကျေးရွာ/ အုပ်စုများအတွင်းမှ စုစုပေါင်း အလှူငွေကျပ် သိန်း (၄၀)ကျော်ကို ဒေသခံမိဘပြည်သူများက စုပေါင်း လှူဒါန်းခြင်းဖြစ်ပြီး စက်(၄)လုံး လှူဒါန်းနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ၎င်းစက်တစ်လုံး၏ တန်ဖိုးသည် ဝယ်ယူသည့်အမျိုးအစားအလိုက် (၁၇)သိန်းခန့်ရှိကြောင်း စကုမြို့ အုပ်ချုပ်ရေးမှူး ဦးကြည်မင်းက ပြောသည်။
“စကုမြို့ပြည်သူ့ဆေးရုံမှာ Oxygen Concentrator မူလက စက်(၂)လုံးရှိပါတယ်။ အခု လာရောက် လှူဒါန်းပေးထားတဲ့ စက်(၄)လုံးနဲ့ဆိုရင် စုစုပေါင်း Oxygen Concentrator (၆)လုံး ရှိသွားပြီဖြစ်ပါတယ်။ အခုကာလမှာ ဆေးရုံအတွက် အမှန်တကယ်လိုအပ်နေတဲ့ အောက်ဆီဂျင် အသက်ရှူစက်ကို ဝိုင်းဝန်းလှူဒါန်း ကူညီပေးကြတဲ့အတွက် အလှူရှင်မိသားစုများအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်” ဟု စကုမြို့ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ အေးကြွယ်ကြွယ်စိုးက ပြောသည်။
စကုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အောက်ဆီဂျင် ရရှိရေးလုပ်ငန်းများကို မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်ကာ ရန်ပုံငွေရှာဖွေရေးအဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း (Volunteer)များနှင့် စကုမြို့ မြတ်စေတနာ နာရေးကူညီမှုအသင်း အဖွဲ့ဝင်များက ကြိုပမ်းဆောင်ရွက်နေကြောင်း၊ စက်ဝယ်ယူရန် လှူဒါန်းလိုပါက ဦးကြည်မင်း၊ စကုမြို့အုပ်ချုပ်ရေးမှူး ဖုန်း(၀၉ ၄၀၁၆၇၈၆၉၈)နှင့် ဒေါက်တာ အေးကြွယ်ကြွယ်စိုး၊ စကုမြို့ပြည်သူ့ဆေးရုံအုပ် ဖုန်း(၀၉ ၄၀၀၀၂၉၀၂၉) ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)