ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသောမိုးစပါးစိုက်ခင်းများအတွက် ပထမအကြိမ် မျိုးစပါး(၁၂၇၀)တင်း ထောက်ပံ့

ဘားအံ  ဩဂုတ်  ၁၉

ကရင်ပြည်နယ်အတွင်း ဇူလိုင်လကုန်ပိုင်းခန့်က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ စိုက်ပျိုးပြီး မိုးစပါးဧကအချို့ ရေလွှမ်းမိုးခဲ့ပြီး ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများ အတွက် ယနေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပထမအကြိမ် မျိုးစပါး(၁၂၇၀)တင်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့သို့ထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ရေကြီးရေလျှံမှုကြောင့် လယ်ယာမြေ  ၉၂၈၀ ဧကခန့် ရေလွမ်းမိုးခဲ့ပြီး ၄၆၅၆  ဧက ထိခိုက်မှုရှိခဲ့ကာ ၃၁၃၈ ဧကမှာ လုံးဝပျက်စီးသွားခဲ့ကြောင်း၊ ပျက်စီးသွားသည့်လယ်မြေဧကအတွက် မိုးစပါးပြန်လည်ပျိုးထောင်စိုက်ပျိုးနိုင်ရန် ယခုကဲ့သို့ မျိုးစပါးများကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ မိမိတို့ပြည်နယ်အနေဖြင့် ဆန်စပါး ဖူလုံပိုလျှံရုံသာမက ထွက်ရှိလာသည့် ဆန်စပါးများကို ပြည်ပပို့ကုန်အနေဖြင့် တင်ပို့နိုင်မည်ဆိုပါက နိုင်ငံ၏ပို့ကုန်ကဏ္ဍပိုမိုတိုးမြှင့် ဆောင်ရွက်လာ နိုင်မည်ဖြစ်ကြောင်း၊ ယခုထောက်ပံ့ပေးသည့်မျိုးစေ့ကို မိမိသက်ဆိုင်ရာ လယ်ယာမြေများတွင် အပြည့်အဝ ပြန်လည်စိုက်ပျိုးပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မျိုးမင်းနောင်တို့က ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများအတွက် မျိုးစပါးများ ထောက်ပံ့ပေးအပ်ရာ ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ နှင့် ကြာအင်းဆိပ် ကြီးမြို့နယ်တို့မှ တောင်သူကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြပြီး ပျက်စီး သွားသော လယ်ယာမြေလုပ်ကိုင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မွန်းလွဲပိုင်းတွင် ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာသို့ သွားရောက်၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးနေသော စေတနာ့ဝန်ထမ်း Volenteer လုပ်ကိုင်ဆောင်ရွက်ပေးနေသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်သည်များနှင့် ကြုံတွေ့နေရသည့် အခက်အခဲများအား မေးမြန်းကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဇာသပြင်တိုက်နယ်ဆေးရုံသို့ ရောက်ရှိပြီး ကိုဗစ်-၁၉ အတည်ပြု လူနာများ လက်ခံထားရှိ ကုသပေးနေမှုအခြေအနေ၊ အောက်စီဂျင်၊ ဆေးနှင့်အထောက် အကူပြုပစ္စည်းလိုအပ်မှုအခြေအနေတို့ကို မေးမြန်း ဆွေးနွေးရာ ဆေးရုံအုပ်ကြီး ဒေါက်တာ သက်ထူးအေးအောင်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပြီး ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသော ဆေးရုံအုပ်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ Volenteer များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ကော့ကျိုက်ရွာ(ဇာသပြင်) ထူပါရာမကျောင်းတိုက် ဆရာတော် သာသနဓဇဓမ္မာစရိယဘဒ္ဒန္တပုညဝန္တအား သွားရောက ်ဖူးမျှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)