ပခုက္ကူ ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ပခုက္ကူမြို့နယ်အတွင်းရှိ အောက်ဆီဂျင် Plant တည်ဆောက်မည့်နေရာနှင့် အသားစားကြက်ခြံမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့ကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ပထမဦးစွာ မကွေးတိုင်းဒေသကြီးအစိုးအရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အတူ ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့်အဖွဲ့ဝင်များလိုက်ပါပြီး ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံးဝန်းအတွင်း အောက်ဆီဂျင် Plant တည်ဆောက်မည့်မြေနေရာကို ကွင်းဆင်းကြည့်ရှု စစ်ဆေးကြရာ ပခုက္ကူမြို့၊အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက အောက်ဆီဂျင် Plant တည်ဆောက်မည့် မြေနေရာအခြေအနေ၊ အောက်ဆီဂျင်စက်ရုံတည်ဆောက် ပြီးစီးပါက ကိုဗစ်-၁၉ရောဂါကြောင့် အရေးပေါ်အောက်ဆီဂျင်လိုအပ်သူများနှင့် ဆေးရုံတက်ရောက် ကုသသည့် လူနာများမှ အရေးပေါ်အောက်ဆီဂျင်ပေးရမည့် လူနာများအတွက် အချိန်မီဆောင်ရွက်မည့် အခြေအနေနှင့် နေ့စဉ်ဆောင်ရွက်ပေးနိုင်သည့် ပမာဏအကြောင်းတို့ကို ရှင်းလင်းပြောကြားရာ ဝန်ကြီးက လိုအပ်သည်များနှင့် လုပ်ငန်းအမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးနိုင်ရေးတို့ကို လမ်းညွှန် မှာကြားသည်။
ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် ပခုက္ကူမြို့နယ်၊စံပြကိုင်းကျေးရွာရှိ အသားစားကြက် (၃၀၀၀၀)ကောင် အထိ မွေးမြူထားသည့် ကြက်ခြံမွေးမြူရေးလုပ်ငန်းအခြေအနေကို ကွင်းဆင်းကြည့်ရှုကြရာ ကြက်ခြံပိုင်ရှင် ဦးကျော်ဇေယျက ကြက်မွေးရေးလုပ်ငန်းလုပ်ကိုင်လာခဲ့သည့်သက်တမ်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနနှင့်ပူးပေါင်းပြီး အသားစားကြက်မွေးမြူနေသည့်အခြေအနေ၊ ကြက်ခြံ (၃၀၀၀၀)ကောင်အထိ မွေးမြူလုပ်ကိုင်နိုင်ရေးအတွက် စုစုပေါင်းအရင်းအနှီး ကုန်ကျစရိတ်၊ နှစ်စဉ် အမြတ်ရရှိနေသည့် အခြေအနေနှင့် ကိုဗစ်-၁၉ရောဂါကူးစက်ဖြစ်ပွားလာမှုကြောင့် ကြက်ခြံမွေးမြူရေး လုပ်ငန်းလုပ်ကိုင် နေသူများအနေဖြင့် ကြုံတွေ့နေရသည့် အခက်အခဲ၊ပြဿနာများအကြောင်းတို့ကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဝန်ကြီးက မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်မည့် နည်းပညာများအား ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်ပေးသွားမည်ဟု မှာကြားခဲ့ကြောင်း သိရသည်။
ဆလိုင်းကိုကီး