မကွေး သြဂုတ် ၁၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်လွင်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ ညနေပိုင်းက ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ ရောက်ရှိပြီး မြို့နယ်ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် တွေ့ဆုံရာ ဆင်ပေါင်ဝဲမြို့နယ် ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ငွေနှင့် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါအား တစ်ဖြည်းဖြည်း လျော့နည်း ရပ်တန့်သွားအောင် အဖက်ဖက်မှ ကြိုစားဆောင်ရွက်နေပါကြောင်း၊ တိုင်းဒေသကြီးအတွင်းမှာ ကူးစက်မှု အနည်းငယ်လျော့နည်း ကျဆင်းလာသည့် အနေအထားများ တွေ့ရကြောင်း၊ တစ်တိုင်းလုံး ကာကွယ်ဆေးထိုးခြင်းသည် ရာနှုန်းပြည့်ဆေးထိုးပြီးဖြစ်၍ တစ်ဖြည်း ဖြည်းနည်းပါးသွားမှာဖြစ်ကြောင်း၊ ကာကွယ်ဆေးများကိုလည်း ရရှိမှုပေါ်မူတည်ပြီး မြို့နယ် အလိုက် ခွဲဝေပေးလျက်ရှိပြီး အုပ်စုအလိုက်ခွဲ၍ ထိုးနှံပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ခံစားနေရသည့် လူနာများအတွက် လိုအပ်နေသော အောက်ဆီဂျင်များ အပြည့်အဝရရှိရေး အတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ မကွေးမြို့၊ ကားကွင်းအတွင်း တည်ဆောက် ပြီးစီးသည့် အောင်ဆီဂျင်စက်မှာလည်း စမ်းသပ် လည်ပတ်လျက်ရှိနေပြီဖြစ်ပြီး ထွက်ရှိမှုပေါ် မူတည်ကာ ခွဲဝေသတ်မှတ်ဖြန့်ဝေပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ ကိုဗစ်-၁၉ ရောဂါလျော့နည်းရပ်တန့်သွားအောင် ဆောင်ရွက် နေမှုအခြေအနေများအားလည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမွန်စိုးရည်က ဆေးကု သ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ဆေးဝါးလိုအပ်ချက်နှင့် အထောက်အကူပြုပစ္စည်း များဖြစ်သော PPE ဝတ်စုံ၊ Hand Gel၊ Mask လိုအပ်မှု အခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် သုံးစွဲဆောင်ရွက်နိုင်ရန် ငွေကျပ်သိန်း (၅၀)နှင့် PPE ဝတ်စုံ၊ Mask၊ Hand Gel နှင့် အာဟာရဖြည့်စွက်စာများအား ထောက်ပံ့ပေး အပ်ခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ကော်မတီဝင် ဦးနိုင်လင်းမှ ပိုးသတ်ဆေး၊ PPE ဝတ်စုံနှင့် လူနာများအတွက် အောက်ဆီဂျင်လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးရန် တင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဆင်ပေါင်ဝဲမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း အောက်ဆီဂျင်စက်တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ(မကွေး)