မုံရွာ သြဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများတွင် တင်ဒါလုပ်ငန်း ဆောင်ရွက်သူများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြသော တင်ဒါလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားရာတွင် “စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ခွင့်ပြုလုပ်ငန်းများအားလုံးကို နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်သည့် ညွှန်ကြားချက်အမှတ်(၁/၂၀၁၇)နှင့်အညီ ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ သက်ဆိုင်ရာဌာနများသို့ အပ်နှံ ဆောင်ရွက်ရာတွင် အရည်အသွေး မှန်ကန်ပြည့်မီခြင်းရှိ/မရှိ ကျွမ်းကျင်သူများ၏ အကူအညီရယူ၍ စီစစ်လက်ခံရန်နှင့် လိုအပ်သည်များကို အချိန်မီပြုပြင်ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများက ကြပ်မတ် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ယခုအချိန်အခါသည် ကိုဗစ်-၁၉ ရောဂါနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ကာလဖြစ်သဖြင့် လုပ်ငန်းများလုပ်ကိုင်ရာတွင် အခက်အခဲများ ကိုယ်စီကြုံတွေ့နေကြသည်ကို သဘောပေါက်နားလည်ပါကြောင်း၊ သို့ရာတွင် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို ကျော်လွန်၍မရသဖြင့် အခက်အခဲ များရှိပါက ကြိုတင်၍တင်ပြကြရန်နှင့် မိမိတို့တာဝန်ရှိသူများကလည်း အတတ်နိုင်ဆုံး ဥပဒေလုပ်ထုံးလုပ်နည်းဘောင်အတွင်းမှ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ” ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတွင်းရေးမှူးတို့က စစ်ကိုင်း တိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပက်သက်၍ ဖြည့်စွက် အကြံပြုဆွေးနွေးကြပြီး အခမ်းအနားသို့တက်ရောက်လာသော လမ်းပန်းဆက်သွယ်ရေး၊ ကျေးလက်လမ်း၊ ဆည်မြောင်းလုပ်ငန်းများနှင့် သက်ဆိုင်သော တင်ဒါလုပ်ငန်းရှင်များမှ မိမိတို့တာဝန်ယူဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်း အခက်အခဲများအား အသီးသီးဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး လမ်းဦးစီးဌာနနှင့် တိုင်းဒေသကြီး ရသုံး မှန်းခြေငွေစာရင်းဦးစီးဌာနတို့က တည်ဆောက်ရေးလုပ်ငန်းများ လိုက်နာရမည့် တင်ဒါ စည်းမျဉ်းစည်းကမ်းများနှင့် ပက်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် တင်ဒါအောင်ကုမ္ပဏီများအနေဖြင့် မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများအား စေတနာထားကာ စံချိန်စံညွှန်းအရည်အသွေး ပြည့်မီစွာဖြင့် သက်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း လုပ်ငန်းများအကောင် အထည် ဖော်ဆောင်ရွက်မှုအပေါ် အဂတိတရားကင်းရှင်းစွာဖြင့် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မှာကြားကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်း ခဲ့ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး ပြန်/ဆက်