ရွှေဘို ၊ ဩဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် စပါးတစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် သိပ္ပံနည်းကျ စိုက်ပျိုးစနစ်ဖြင့် တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀)စံပြကွက် စိုက်ပျိုးလျက်ရှိကြောင်း ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။
အဆိုပါ တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀)စံပြကွက်ကို မြေယာပြုပြင်ခြင်း၊ ပျိုးထောင်ခြင်း၊ ကောက်စိုက်ခြင်း၊ အပင်ပြုစုခြင်းလုပ်ငန်းများတွင် ခေတ်မီစက်ကိရိယာများကို အသုံးပြုနိုင်သည့် အခြေအနေတွင်ရှိသော သဖန်းဆိပ်ဆည်ရေသောက် ဧရိယာတွင် ပါဝင်သည့် JICA(AIIP) စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေးစီမံကိန်းဖြင့် ဆောင်ရွက်လျက် ရှိသော မြင်ချင်ကျေးရွာရှိ တောင်သူ(၂၅)ဦး၏ စိုက်ဧက(၁၀၀)တွင် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ သိပ္ပံနည်းကျ စိုက်နည်းစနစ်များကို အသုံးပြုခြင်းဖြင့် တစ်ဧက စပါး အထွက်နှုန်း အမြင့်ဆုံးအထိ ပိုမိုထွက်ရှိနိုင်ကြောင်း တောင်သူများအား ပညာပေးစည်းရုံးရန်အတွက် လည်ကောင်း၊ ၎င်းနည်းစနစ်ကို တောင်သူများပြည့်ပြည့်ဝဝ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် လည်းကောင်း၊ မျိုး၊ ဓါတ်မြေဩဇာ၊ သဘာဝမြေဩဇာ စသည့် သွင်းအားစုပစ္စည်းများအား အချိုးကျ ၊အချိန်ကိုက် စနစ်တကျ ထည့်သွင်းအသုံးပြု တတ်စေရန်လည်ကောင်း ၊ တောင်သူအချင်းချင်း နည်းပညာများဖလှယ် စိုက်ပျိုးလုပ်ကိုင်နိုင်စေရန်အတွက် လည်ကောင်း ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်ဇာဇာမင်း ကပြောကြားသည်။
ကျွန်မတို့ ရွှေဘိုမြို့နယ်ဟာ သဖန်းဆိပ်ဆည်ရေသောက် ဧကများသာမက မိုးကောင်းသောက်ဧကများကို စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်လျက်ရှိသော မြို့နယ်တစ်မြို့နယ် ဖြစ်ပြီး နှစ်စဉ်စိုက်ပျိုးရာတွင်လည်း မိုးရာသီ၌ စပါးသီးနှံကို ဧကတစ်သိန်းကျော်နှင့် နွေရာသီတွင် သဖန်းဆိပ် ဆည်ရေပေးဝေပါက ဧက ခြောက်သောင်းခန့် ဖြင့် တစ်နှစ်လျင် စပါးစိုက်ဧက တစ်သိန်းခုနှစ်သောင်းခန့် စိုက်ပျိုးထုတ်လုပ်နိုင်သောကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးကိုယ်စားပြု တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀)စံပြကွက် စိုက်ပျိုးခြင်း ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့မှ အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းမှ ဆက်လက် ပြောကြားသည်။
ခရိုင်ပြန်/ဆက်