ပခုက္ကူ ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ပခုက္ကူမြို့၊ မဟာဝိသုတာ ရာမ(အလယ်) တိုက်ကြီး၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော ဆွမ်းဆန်တော်၊ ဆီ၊ပဲ၊ ကြက်သွန်၊ ဆားနှင့်အာလူးတို့ကို ဩဂုတ် ၁၉ရက် နံနက် ၉ နာရီက ဆက်ကပ်လှူဒါန်းသည်။
အဆိုပါဆက်ကပ်လှူဒါန်းမှုကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားရှိခိုးကန်တော့၍ ဖွင့်လှစ်ပြီး ပခုက္ကူမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မဟာဝိသုတာရာမ(အလယ်)တိုက်ကြီး၏ တိုက်အုပ်နာယက ဂဏဝစက စာချဆရာတော် အဂ္ဂမဟာပဏိတ ဘဒ္ဒန္တအရိယာဝံသ အရှင်သူမြတ်ထံမှ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းလှိုင်အမှုပြုသော ဧည့်သည်တော်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ဝန်ကြီးက ဆရာတော်များထံ ဆွမ်းဆန်တော်၊ဆီ၊ပဲများ ဆက်ကပ်လှူဒါန်းပြီး ရေစက်ချတရားနာယူကြသည်။ ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် သာသနာ့ဝိပုလ္လာရာမ (အနောက်တိုက်)၊ ဗောဓိမဏ္ဍိုင်ပရိယတ္တိစာသင်တိုက်၊ ဆုကြီးပန်ပရိယတ္တိ စာသင်တိုက်များသို့ ဆွမ်းဆန်တော်၊ဆီ၊ပဲ စသည့်ဝတ္တုပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ကြသည်။
ပခုက္ကူမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့်စာသင်တိုက် ရှစ်ကျောင်းရှိ သံဃာတော်နှင့်သီလရှင် အရေအတွက် ၆၄၈ ပါးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန် ၂၁၆ အိတ်၊ ဆီ ၃၂၄ ပိဿာ၊ပဲ၃၂၄ ပိဿာ၊ကြက်သွန် ၆၄၈ ပိဿာ၊ အာလူး ၆၄၈ ပိဿာ နှင့် ဆား ၉၀ ပိဿာတို့ကို ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဇော်(အဝေးသင်)