ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အသိပညာပေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်တင်နှိုးဆော်

ဆွမ်ပရာဘွမ်  ဩဂုတ်  ၁၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် အသိပညာပေးနှိုးဆော်ခြင်းအား မြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံလမ်းခွများ၊ လမ်းသွားလမ်းလာများသော နေရာများ၊ အများပြည်သူကြားနိုင်သောနေရာများတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးတုံ့ပြန်ရေးကော်မတီဝင်များက ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ဆွမ်ပရာဘွမ်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ကော်မတီဝင်များကမြို့ပေါ်ရပ်ကွက်ရှိ မိဘပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်မှုလုပ်ငန်းအား မိဘပြည်သူများမှ အတူ ပူးပေါင်းပါဝင်ကြရန်၊ အပြင်ထွက်တိုင်း Maskစနစ်တကျတပ်ဆင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ၆ပေ အကွာတွင် နေထိုင်ကြရန်၊ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ရောင်းချသူများ ဆိုင်ထိုင်စားသောက် ခြင်း မပြုစေဘဲ ပါဆယ်စနစ်(Take away)ဖြင့်ရောင်းချရန်၊ စည်ပင်သာယာဈေးများအား နံနက်(၀၆၀၀) နာရီမှ နေ့လည်(၁၂၀၀)အထိသာ ရောင်းချရန်နှင့်ဈေးရောင်းချသူများပါးစပ်နှင့် နှာခေါင်းစည်း(Mask) တပ်ဆင်ပြီး တစ်ဦးနှင့်တစ်ဦး ၆ပေအကွာတွင် ရောင်းချသွားရန်၊ မြို့ပေါ်ရပ်ကွက်ရှိပြည်သူများ ကျန်းမာရေးနှင့်နာရေးကိစ္စမှအပ တစ်နေရာမှတစ်နေရာသို့ သွားလာခြင်းမပြုလုပ်ကြရန်၊ မြို့အဝင်အထွက် ဂိတ်တွင် ခရီးသွားမိဘပြည်သူများမှ ပူးပေါင်းပါဝင်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါစစ်ဆေးခံယူရန်စသည့် နှိုးဆော်ခြင်းလုပ်ငန်းကို မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ကုဋေသန်းသန်းဌေး၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးတပ်ဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရပ်/ကွက်ကျေးရွာစာရေးများ ပါဝင်ခဲ့ကြောင်းသိရသည်။

ဆွမ်ပရာဘွမ်(ပြန်/ဆက်)