မြို့သစ် ဩဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးနှင့် ဒေသတစ်ခုမှ တစ်ခုသို့ စီးပွားကူးသန်းသွားလာရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြို့သစ်မြို့၊ လမ်းဦးစီးဌာနမှ ဘေလီသစ်သားတံတားများ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့၊ တတိယအပါတ်က စတုတ္တမြောက်တံတားအဖြစ် မင်းသာကျေးရွာ၊ နန်းတီဆင်းတံတားအား ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါနန်းတီဆင်းတံတားသည် မြို့သစ်မြို့၊ မင်းသာကျေးရွာ၊ တမူး-စေတီကားလမ်း၊ မိုင်တိုင် အမှတ်(၁၉/၂)နှင့် (၁၉/၃) အကြား နန်းတီဆင်းချောင်းတွင် တည်ရှိပြီး အရှည်ပေ(၁၆၀)ရှိ ဘေလီသစ်သား တံတားအမျိုးအစား ဖြစ်သည်။
မြို့သစ်မြို့တွင် ဘေလီသစ်သားတံတားများ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ဩဂုတ်လ ပထမ အပတ်မှစ၍ ဆောင်ရွက်ခဲ့ရာ ချောင်းနက်တံတား၊ ကသည်းချောင်းတံတား၊ တီလမ်းဖာတံတား၊ နန်းတီဆင်း တံတားများအား ဘီးလမ်းကြမ်းခင်းလှဲ လှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ပြီး ဆက်လက်၍လည်း နောင်ခမ်းတံတား၊ တုံးကျော်တံတား၊ နန်းသလက်တံတား၊ ဝက်ရှုတံတား၊ ကြက်ပန်းတံတား ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့သစ်မြို့၊ လမ်းဦးစီးဌာနမှ တာဝန်ရှိသူထံကသိရှိရပြီး အဆိုပါတံတားများသည် ကဘော်ချိုင့်ဝှမ်းဒေသ အထက်ပိုင်းကျေးရွာများနှင့် ဟုမ္မလင်းမြို့နယ်သို့ ဆက်သွယ်သွားလာရာတွင် အရေးပါသည့်တံတားများဖြစ်ကြောင်း သိရသည်။
ထွန်းမင်းအောင်