ခမောက်ကြီး ဩဂုတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၃ နာရီ အချိန်က ခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းတို့မှ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်ရှိ လူအသွားအလာများပြားသည့် ပြည်ထောင်စုလမ်းမကြီးနှင့် လမ်းဆုံတို့တွင်အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာပေးနှိုးဆော်ခဲ့သည်။
ထိုသို့ အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာ၌ မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မဖြစ်မနေအိမ်တွင်း၌သာ နေထိုင်ကြရန်၊ သို့မှသာ ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးဆက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ပါကြောင်း၊ မိမိတို့နေအိမ်တွင်လည်း ပြင်ပမှလာသော ဧည့်သည်များအား လက်မခံကြရန်နှင့်မိမိတို့ကလည်း အခြားသူများထံ သွားလာခြင်းမှရှောင်ကြဉ်ကြရန်၊ မဖြစ်မနေအိမ်အပြင် ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask များစနစ်တကျ တပ်ဆင်ကြရန်၊ လက်ကို စက္ကန့်၂၀ကြာအောင် မကြာခဏ ဆေးကြောပါ၊ လူစုလူဝေးရှောင်ကြဉ်ကြရန်နှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေးလုပ်ငန်းများကို ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြပါရန် နှိုးဆော်ခဲ့ကြောင်းသိရသည်။
ရူပါမြင့်( ပြန်/ဆက်)