ပုလဲမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)များ ထပ်မံထိုးနှံပေးလျက်ရှိ

ပုလဲ သြဂုတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊  ယင်းမာပင်ခရိုင်၊   ပုလဲမြို့၊   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲ ရတနာခန်းမနှင့် အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉နာရီက အသက်(၆၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ အပါအဝင် ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏   ကြီးကြပ်မှုဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး( Sinopharm )ထိုးနှံပေးရာတွင် မြို့နယ် COVID-19  ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏  ကြီးကြပ်မှုဖြင့် ကာကွယ်ဆေး  လာရောက်ထိုးနှံသူများကို ကာကွယ် ဆေးမထိုးပေးမီ ကိုယ်အပူချိန်  တိုင်းတာခြင်း၊ သွေးပေါင်ချိန်  တိုင်းတာခြင်းနှင့်  ကာကွယ်ဆေးထိုး မှတ်တမ်းများရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် အသက်( ၆၅ )နှစ်နှင့်အထက်ရှိသူများ၊ အစိုးရ/  ပုဂ္ဂလိက   ကျန်းမာရေးဝန်ထမ်းများ၊စေတနာ့ဝန်ထမ်းများ၊ ရဟန်း/ သံဃာ/ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းများတွင်     ဆောင်ရွက်နေသည့်    ယာဉ်မောင်း/ ယာဉ်နောက်လိုက်များ၊ ဈေးရောင်း/ ဈေးဝယ်များစသည့်ဖြင့် ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးခဲ့သည်။

ပုလဲမြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၁၅၀၀)လုံး ခွဲတမ်း ရရှိသောကြောင့် ဆေး ( ၁ ) လုံး လျှင် (၁)ဦးနှုန်းဖြင့် သြဂုတ် ၁၈ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲရတနာခန်းမ၌ လူဦးရေ (၅၀၀)ဦးနှင့်အခြေခံပညာအထက်တန်းကျောင်း၌ လူဦးရေ (၁၇၉)ဦး စုစုပေါင်း (၆၇၉)ဦးအား  ထိုးနှံပေးခဲ့ပြီး သြဂုတ် ၁၉ ရက်နေ့တွင် အသက်( ၆၅ )နှစ်နှင့်အထက်  သက်ကြီး ဘိုးဘွားများအပါအဝင် ဦးတည်အုပ်စုများအလိုက် ကျန်ရှိနေသူများအား   ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်၍  ထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး( Sinopharm ) ထိုးနှံ ပေးနေမှု အခြေအနေများကို  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးမြတ်လေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ငုဝါခိုင်နှင့်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

မင်းခန့်စိုး(ဇေယျာမြေ)