မုံရွာ ဩဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က ကျောက္ကာ(တ)ကျေးရွာ ရွှေဂူနီဘုရားဓမ္မာရုံနှင့် ကျောက္ကာ(မ)ကျးရွာအုပ်စု အလယ်တန်းကျောင်း တို့တွင် စုရပ်ထားကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ကာကွယ်ဆေးထိုးနှံ ပေးရာတွင် ကျေးရွာအုပ်စုအတွင်းရှိ (၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ရဟန်းသံဃာများ၊ သီလရှင် များ၊ ကျေးရွာလူမှုကူညီရေးအသင်းအဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီထိုးနှံပေးခြင်းဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံးခန်းမ တွင်လည်း ဆေးရရှိမှုအပေါ်မူတည်၍ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ကျား(၁၁၉)ဦး၊ မ(၁၃၄)ဦး၊ စုစုပေါင်း(၂၅၃)ဦး၊ ကျောက္ကာ(တ)ကျေးရွာအုပ်စုတွင် ကျား(၄၃)ဦး၊ မ(၃၅)ဦး၊ ပေါင်း(၇၈)ဦး၊ ကျောက္ကာ(မ) ကျေး ရွာအုပ်စုတွင် ကျား(၇၈)ဦး၊ မ(၆၄)ဦး၊ ပေါင်း(၁၄၂)ဦး တို့အား ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာသို့ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ လူမှုကူညီရေး အသင်းအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အသက်(၆၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများ အပါအဝင် ဦးတည်အုပ်စုများအလိုက် ကျန်ရှိနေသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရောက်ရှိမှု အပေါ်မူတည်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်၍ ထိုးနှံပေး မည်ဖြစ်ကြောင်းနှင့် ယနေ့အထိ မုံရွာမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပြီးသူ(၉၉၇၃)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။ ထိန်လင်း-မုံရွာ