ငဖဲမြို့နယ် ပင်ဦးကျေးရွာ(အ.လ.က)ကျောင်းဆောင်သစ်ဆောက်လုပ်မှု ၅၈ % ပြီးစီးမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ငဖဲ ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပင်ဦးကျေးရွာအခြေခံပညာ အလယ်တန်း ကျောင်းတွင် ကျောင်းဆောင်သစ်ဆောက်လုပ်မှု ၅၈ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်၍ မြို့နယ် တည်ဆောက်ရေးကော်မတီအဖွဲ့မှ ယနေ့နံနက် ၉နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ကြောင်းသိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ငဖဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုးမြင့် ၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးဆန်းထွန်းနှင့်တာဝန်ရှိသူများက  ကျောင်းဆောင်သစ်တည်ဆောက် မှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းဆောင်သစ်ဆောက်လုပ်မှု မန်နေဂျင်းဒါရိုက်တာ ဒေါ်စပယ်သိမ်းက ကျောင်းဆောင်သစ်ဆောက်လုပ်မှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ရာ လိုအပ်မှုများကိုတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းပေးပြီး သတ်မှတ်စံချိန်စံညွှန်း ပြည့်မီအောင် အချိန်မီတည်ဆောက်ပြီးစီးရေးဆွေးနွေးမှာကြားခဲ့သည်။

ပင်ဦးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းဆောင်သစ်သည် အလျား ၉၀ပေ၊ အနံ ၃၀ ပေ အမြင့် ၁၅ ပေရှိ Steel Structure (၁)ထပ်အမျိုးအစားဖြစ်ပြီး ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေ ကျပ် ၄၉.၉၅ သန်းဖြင့် လပြည့်သိမ်းကုမ္မဏီက ၂၀၂၀ပြည့်နှစ်၊ ဇွန်လကစတင်၍ တာဝန်ယူ ဆောက်လုပ်ခဲ့ပြီး ၂၀၂၀ပြည့်နှစ် စက်တင်ဘာလကုန်တွင်  လုပ်ငန်း၏ ၇၅ ရာခိုင်နှုန်း ကို အပြီး သတ် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)