ထားဝယ် သြဂုတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်၍ ထားဝယ်မြို့ရှိ ပိုးတွေ့လူနာစောင့်ကြည့်ရေးစင်တာများတွင် တာဝန်ထမ်းဆောင်ကြမည့်လူငယ် Volunteer များအတွက် သြဂုတ် ၁၆ ရက်နေ့က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
“သင်တန်းမှာပို့ချပေးတာကတော့ ပိုးတွေ့လူနာများကိုထားရှိမယ့် ပိုးတွေ့လူနာ စောင့်ကြည့်ရေးစင်တာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှာ ထားရှိမည့်နေရာများ၊ အခြေအနေနည်းနည်းဆိုးလာပါက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှာ ဆက်လက်ထားရှိပြီး ပိုးတွေ့လူနာများကိုဆေးကုသမှုလုပ်နိုင်မှာ ဖြစ်တယ်၊ ၄င်းထက်အခြေအနေ ပိုဆိုးလာမယ်ဆိုရင် ထားဝယ်ပြည်သူ့ဆေးရုံကြီးနှင့် သီတဂူဆေးရုံသို့ပို့ဆောင်ပြီး ကုသပေးမည့်အစီအစဉ်ဖြစ်တယ်၊ ယခုသင်တန်းမှာ တက်ရောက်နေတဲ့ Volunteer များကနေ ဝိုင်းဝန်းပါဝင်ပြီး ကူညီနိုင်ရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်တယ်၊ ကိုဗစ်ဖြင့်သေဆုံးသွားသော ရုပ်လောင်းများကို သွားရောက်၍ သယ်ယူပို့ဆောင်ပြီး သင်္ဂြိုလ်နေသော အချိန်ဝိုင်းဝန်း ကူညီဆောင်ရွက်နိုင်မှာဖြစ်တယ်၊ လုပ်ငန်းကျွမ်းကျင်မှ ကိုဗစ်လုပ်ငန်းများလုပ်နိုင်မှာ ဖြစ်တယ်၊ သင်တန်းမရှိပဲ လုပ်ငန်းများ လုပ်ဆောင်တဲ့နေရာမှာ ရောဂါကူးစက်ခံရနိုင်တယ်၊ သင်တန်းပေးပြီးမှ လုပ်ဆောင်မယ်ဆိုရင် မိမိအတွက် ကာဗာဖြစ်တယ်” ဟု ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင် က ပြောကြားသည်။
သင်တန်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး က လူမှုရေးအဖွဲ့အစည်း လူငယ် Volunteer (၃၀)ဦး အား သြဝါဒအမှာစကား ပြောကြားပြီး တာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာအထောက်အကူပြု ဘာသာရပ်၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ Psycho Social Support နှင့် Counselling ဘာသာရပ်များ၊ မြေပြင်တွင် လက်တွေ့ ဆောင်ရွက်ချက်များကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
“သင်တန်းကိုအောင်မြင်စွာ သင်ကြားပို့ချပြီးပါက သင်တန်းတက်ရောက်ချင်တယ်၊ လေ့လာချင်တယ်သူများအတွက် ထပ်မံပြီး သင်တန်းများကို ဖွင့်လှစ်နိုင်အောင် ကြိုးစားဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်” ဟု ဇမ္ဗူသီရိအရေးပေါ် လူနာကူညီ သယ်ဆောင်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနို်ငမျိုးသွင် က ပြောကြားခဲ့သည်။
(တိုင်းဒေသကြီးပြန်/ဆက်)