ခင်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လူဦးရေ (၄၂၃၅) ဦး ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသူများကို ဆက်လက်ထိုးနှံပေးလျက်ရှိ

ခင်ဦး ၊ ဩဂုတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ကျန်ရှိနေသော အသက်(၆၅)နှစ်အထက်ပုဂ္ဂိုလ်များနှင့် ပြည်သူများကို ဩဂုတ်လ ၁၈ ရက် နံနက် ၉ နာရီကစ၍ ပြည်သူ့ဆေးရုံ(မိခင်နှင့်ကလေးကျန်းမာရေးဌာန)တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေး လျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ရပ်ကွက်၊ ကျေးရွာများရှိ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော အသက်(၆၅)နှစ်အထက်ပုဂ္ဂိုလ်များနှင့် ပြည်သူများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့ အညီ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။

ခင်ဦးမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်တွင် ဆေးအလုံး (၁၀၀၀)၊ ဒုတိယ အကြိမ်တွင် ဆေးအလုံး (၇၅၀) ၊ တတိယအကြိမ်တွင် ဆေးအလုံး (၅၀၀)၊ စတုတ္ထအကြိမ်တွင် ဆေးအလုံး (၅၀၀)  ဖြင့် မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက်ပုဂ္ဂိုလ်များနှင့် ဦးစားပေးအဆင့်အလိုက် ထိုးနှံပေးလျက်ရှိပြီး ဆေးတစ်လုံလျှင် လူဦးရေ (၂) ယောက်နှုန်းဖြင့် ဩဂုတ်လ ၁၇ ရက်နေ့ထိ လူဦးရေ (၄၂၃၅) ဦး ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသော ပြည်သူများကိုလည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းနှင့် ကျန်ရှိနေသော မြို့နယ်အတွင်းရှိ ပြည်သူများနေဖြင့် လာရောက်ထိုးနှံကြပါရန် နှိုးဆော်ပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

စိုးဝေအောင်(ခင်ဦး)